Monday, January 22, 2018

တပ်မတော်နှင့်ဆက်စပ်လုပ်ငန်းသုံးခု ထိပ်တန်းအခွန်ဆောင်ကုမ္ပဏီ ၁၀ ခုတွင် ပါဝင်


စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနက နှစ်စဉ်အခွန်အများဆုံး ထမ်းဆောင် သည့် ကုမ္ပဏီများစာရင်းကို ထုတ်ပြန်ပေးလျက်ရှိရာ ပြီးခဲ့သည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် ဝင်ငွေ ခွန်အများဆုံး ထမ်းဆောင်သူစာရင်းတွင် တပ်မတော်နှင့်ဆက်စပ်လျက်ရှိသည့် လုပ်ငန်းသုံးခုလည်းပါဝင် လာသည်။


အခွန်အများဆုံး ထမ်းဆောင်သူ ၁၀၀၀ စာရင်းကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာနက ဇန်နဝါရီလ ၂၂ ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

တပ်​မ​တော်​နှင့်​ဆက်​စပ်​လျက်​ရှိ​သော မြဝတီဘဏ်လုပ်ငန်း၊ မြန်မာစီးပွားရေး ဦးပိုင်လီမိတက် (Myanmar Economic Holdings Limited)နှင့် မြဝတီထရေးဒင်း တို့သည့် အဆိုပါအခွန်အများဆုံး ထမ်းဆောင်သူ ၁၀ တွင်ပါဝင်လာခြင်းဖြစ်သည်။

မတည်ရင်းနှီးငွေကျပ်သန်း တစ်သောင်းဖြင့် ၁၉၉၀ ပြည့်နှစ်မှစ၍ ကုမ္ပဏီမှတ်ပုံတင်အမှတ်စဉ် ၂၈ ဖြင့်တည်ထောင်ခဲ့သော မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်သည် ၂၀၁၆ ခုနှစ်ဧပြီလတွင် အများနှင့်သက် ဆိုင်သောကုမ္ပဏီအဖြစ်ပြောင်းလဲခဲ့ပြီးနောက် နိုင်ငံတော်ပိုင်အစုရှယ်ယာများကိုလည်း ပြန်လည် လွှဲပြောင်းပေးခဲ့သည်။

၂၀၁၁-၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်အထိ ၀င်ငွေခွန်နှင့်ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ထမ်းဆောင်သည့် ကုမ္ပဏီစာရင်းတွင်မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်လက်အောက်ရှိ ကုမ္ပဏီများလည်းပါဝင်လာခဲ့သည်။

မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်အောက်တွင် လုပ်ငန်းခွဲ ၅၅ ခုရှိပြီး အမြတ်အများဆုံးရရှိသည့် လုပ်ငန်းများ တွင် မြ၀တီဘဏ်လီမိတက်၊ ဗန္ဓုလ သယ်ယူပို့ဆောင်ရေးကုမ္ပဏီလီမိတက်၊ အောင်သစ္စာဦး အာမခံ ကုမ္ပဏီလီမိတက်နှင့် မြဝတီထရေးဒင်းတို့လည်းပါဝင်ကြောင်း ပြည်တွင်းမီဒီယာများတွင် ဖော်ပြထားသည်။

ထိုပြင် ILBC သင်တန်းကျောင်း၊ ဇေယျဝတီအရက်ချက်လုပ်ငန်း နှင့် မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်း တို့သည်လည်း မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်အောက်တွင် ပါဝင်သည်။

စီမံ/ဘဏ္ဏာက ထုတ်​ပြန်​​သော အခွန်​ထမ်းစာရင်းများအရ ၂၀၁၆-၂၀၁၇ ခုနှစ်အတွက် ကမ္ဘောဇဘဏ်က ကျပ်သန်း နှစ်သောင်းကျော် ထမ်းဆောင်ခြင်းဖြင့် အခွန်အများဆုံး ထမ်းဆောင်သူအဖြစ် ရပ်တည်လျက် ရှိသည်။

အဆိုပါစာရင်းတွင် အခွန်အများဆုံး ထမ်းဆောင်သူ နံပါတ် ၂ အဖြစ် နာမည်ကျော်စီးပွားရေးလုပ်ငန်းရှင် ဦးကိုကိုကြီး၏ Diamond Star ကုမ္ပဏီက ကျပ်သန်း တစ်သောင်းအောက်ထမ်းဆောင်ထားကြောင်း ဖော်ပြထားသည်။

Diamond Star ကုမ္ပဏီသည် လက်လီအရောင်းလုပ်ငန်း၊ အိမ်ခြံမြေလုပ်ငန်း၊ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း၊ အစားအသောက်ထုတ်လုပ်သည့်လုပ်ငန်း စသည့်လုပ်ငန်းခွဲများစွာကို လုပ်ကိုင်လျက်ရှိသည်။

ထို့အတူပင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်၏ မြဝတီဘဏ်လုပ်ငန်း၊ ရွှေတောင်ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ၊ မြန်မာစီးပွားရေး ဦးပိုင်လီမိတက် (Myanmar Economic Holdings Limited)၊ မြဝတီထရေးဒင်း ၊ PT Power Trading နှင့် သီလဝါအထူးစီးပွားရေးဇုန်​ စီမံခန့်ခွဲမှုကော်မတီကုမ္ပဏီတို့သည်လည်း ကျပ်သန်း တစ်သောင်းအောက် အခွန်ထမ်းဆောင်သူအဖြစ် Diamond Star နောက်တွင် အစဉ်လိုက်ရပ်တည် လျက်ရှိသည်။

"ဒီဘက်ခေတ်တွေမှာတော့ လုပ်ငန်းရှင်တွေကိုယ်တိုင်ကလည်း အခွန်ပိုဆောင်လာကြတယ်။ အခွန် အကြောင်းလည်း ပိုသိလာကြတယ်။ဌာနဘက်ကလည်း ပိုပြီးကြပ်ကြပ်မတ်မတ်လုပ်တာကြောင့် လည်း အခွန်ပိုရလာတယ်"ဟု ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က The Voice Journal သို့ ပြောကြားသည်။

ကျပ်သန်း ၅၀၀၀ အောက်အခွန်ထမ်းဆောင်သူစာရင်းတွင် Jing Hpaw Aung Jade & Jewellwery ကုမ္ပဏီနှင့် စိုက်ပျိုးရေးသွင်းအားစုများ ထုတ်လုပ်သည့် မြန်မာ့သြဘာကုမ္ပဏီတို့ပါဝင်ပြီး အခွန်အများဆုံး ထမ်းဆောင်သူ အမှတ်စဉ် ၉ နှင့် ၁၀ တွင် အစဉ်လိုက်ရပ်တည်လျက်ရှိသည်။

အခွန်အများဆုံးထမ်းဆောင်သူ ၁၀ ဦးစာရင်းတွင် တပ်မတော်နှင့်ဆပ်စပ်သည့်လုပ်ငန်းသုံးခုပါဝင်လာခြင်း သည် ကောင်းမွန်သော အပြောင်းအလဲဖြစ်သည်ဟု မြန်မာ့စီးပွားရေးသုံးသပ်သူများက ဆိုသည်။

ကမ္ဘောဇဘဏ်လီမိတက်သည် ၂၀၁၁-၂၀၁၂ မှစ၍ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အထိ အခွန်အများဆုံး ထမ်းဆောင်သူစာရင်းတွင် ခြောက်နှစ်ဆက်တိုက်ဗိုလ်စွဲခဲ့ခြင်းဖြစ်ပြီး ၂၀၁၁-၂၀၁၂ ခုနှစ်တွင် ကျပ် ၁၀၈၂၇ သန်း ထမ်းဆောင်ခဲ့ရာ ယခုအခါ အခွန်ထမ်းဆောင်မှု နှစ်ဆနီးပါးမြင့်တက်လာကြောင်း ပြည်တွင်းအခွန် စာရင်းများအရ သိရသည်။

The Voice Journal

0 comments:

Post a Comment