ထိုင်းတောင်ပိုင်း တရန်းခရိုင်ထဲမှာ မြန်မာအလုပ်ရှင်ကို ထိုင်းအလုပ်သမားက သေနတ်နဲ့ ပစ်သတ်တဲ့အမှု ဖြစ်ပွားခဲ့ပါတယ်။ ဇန်န၀ါရီ ၂၀ ရက်နေ့ ည ၉ နာရီလောက်က ယန်ဒါခေါင်ဆေးရုံကြီးမှာ သေနတ်ဒဏ်ရာနဲ့ လူနာတဦး သေဆုံးသွားကြောင်း ဆေးရုံက အကြောင်းကြားတာကြောင့် သွားရောက် စစ်ဆေးခဲ့တယ်လို့ ယန်ဒါခေါင်နယ်မြေရဲစခန်း တာဝန်ကျဒုရဲမှူး ပရဆစ် ထောင်းန်ဆုခ်က သတင်းထောက်တွေကို ပြောပါတယ်
မောင်မောင်ဦးဟာ စတင်းဂန်းသေနတ်နဲ့ အပစ်ခံရတာဖြစ်ပြီး ဘယ်ဘက်နံရိုး၊ ဝမ်းဗိုက်၊ တင်ပါး၊ လက်ဖျံ စတဲ့ နေရာတွေမှာ ကျည်ပေါက်ရာ ၉ ခုထိ ရရှိခဲ့ပါတယ်။
မောင်မောင်ဦးရဲ့ ဇနီးသည် နန်းဖန်နိဖာ ထွက်ဆိုချက်အရ အဲဒီနေ့ကည ၈ နာရီလောက်မှာ သူ့ခင်ပွန်းနဲ့ နိုင်းကျတုရုန်း ခေါ် အဲမ် (ထိုင်းအလုပ်သမား) နဲ့ တခြားသူ အပါအဝင် စုစုပေါင်း ၄ ဦးဟာ အိမ်ရှေ့မှာ စကားဝိုင်းဖွဲ့နေကြောင်း၊ သူမက အိမ်နောက်မှာရှိနေစဉ် သေနတ်သံကြားလို့ ထွက်ကြည့်ရာမှာ ခင်ပွန်းမှာ လဲကျနေပြီး နိုင်းကျတုရုန်းက ထွက်ပြေးသွားကြောင်း၊ သူတို့ဟာ မောင်မောင်ဦးကို ဆေးရုံအမြန်ခေါ်ခဲ့ပေ မယ့် လမ်းတဝက်မှာပဲ သေဆုံးသွားကြောင်း၊ ခင်ပွန်းဖြစ်သူမှာ စကားကို တဲ့တိုးပြောတတ်သူဖြစ်လို့ စကားများ ရန်ဖြစ်တာလို့ ဆိုပါတယ်။
မောင်မောင်ဦး သေဆုံးပြီး ၂ နာရီလောက်အကြာ နိုင်းကျတုရုန်းက ဘန့်နောင်အိန့်နယ်မြေ ရဲစခန်းမှာ စတင်းဂန်းတလက်၊ ကျည်ဆန်တတောင့်နဲ့အတူ လာရောက်အဖမ်းခံပြီး မောင်မောင်ဦးကို သူကိုယ်တိုင် ပစ်သတ်ခဲ့ကြောင်း၊ ပစ်သတ်ရတဲ့ အကြောင်းရင်း အသေးစိတ်ကိုတော့ စစ်ဆေးနေဆဲပဲလို့ ဒုရဲမှူးပရဆစ်က ပြောပါတယ်။
DVB
0 comments:
Post a Comment