Tuesday, April 17, 2018

တပ်မတော်အပေါ် လိင်အကြမ်းဖက်မှုစွပ်စွဲချက် မြန်မာသံအမတ်ကြီးပယ်ချ


ရခိုင်ပြည်နယ်က မွတ်ဆလင်တွေကို နေရပ်စွန့်ခွာထွက်ပြေးစေဖို့ လုံခြုံရေးတပ်ဖွဲ့တွေက လိင်အကြမ်းဖက်မှုကို နည်းဗျူဟာ တစ်ရပ်အဖြစ် အသုံးပြုခဲ့တယ်ဆိုတဲ့ ကုလသမဂ္ဂရဲ့ စွပ်စွဲချက်ကို မြန်မာသံအမတ်ကြီးက အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်အဖြစ် ကန့်ကွက် ပယ်ချလိုက်ပါတယ်။

နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်မှာ ဧပြီ ၁၆ ရက်က ကျင်းပတဲ့ အမျိုးသမီးများ၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကိစ္စတွေနဲ့ စပ်လျဉ်းပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ တံခါးဖွင့်ဆွေးနွေးပွဲမှာ မြန်မာအမြဲတမ်းကိုယ်စားလှယ်၊ သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း တက်ရောက်ရှင်းလင်း ပြောကြားခဲ့တာလို့ နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ နှစ်ပတ်လည်အစီရင်ခံစာမှာ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေရဲ့ အခွင့်အရေးတွေကို ကာကွယ်ဖို့အတွက် မြန်မာနိုင်ငံအနေနဲ့ အရေးပါတဲ့ ခြေလှမ်းတွေ စတင်နိုင်ခဲ့တယ်လို့  အသိအမှတ်ပြုထားပေမယ့် အတည်မပြုနိုင်တဲ့ စွပ်စွဲချက်တွေအပေါ်မှာအခြေခံပြီး မြန်မာ့တပ်မတော်ကို အစီရင်ခံစာရဲ့ နောက်ဆက်တွဲ စာရင်းမှာ ထည့်သွင်းထားတာဟာ လွန်စွာစိတ်မကောင်းဖွယ်ဖြစ်တယ်လို့ သံအမတ်ကြီးက ပြောပါတယ်။

ဒ့ါအပြင် စွပ်စွဲထားတဲ့အမှုတွေကို စုံစမ်းဖော်ထုတ်ဖို့အတွက် ကော့စ်ဘဇားဒုက္ခသည် စခန်းရှိ ထိခိုက်စော်ကားခံရသူဆိုသူတွေကို သွားရောက်တွေ့ဆုံမေးမြန်းဖို့ ကြိုးပမ်းခဲ့ပေမယ့် စနစ်တကျ တွေ့ဆုံမေးမြန်းခွင့်ပြုဖို့ တောင်းဆိုမှုကို ငြင်းဆန်ခဲ့တာကြောင့် စွပ်စွဲမှုတွေကို အတည်မပြုနိုင်ခဲ့တဲ့အပေါ် အလွန်စိတ်ပျက်ရကြောင်းလည်း ပြောပါတယ်။

အတွင်းရေးမှူးချုပ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားတဲ့ လိင်အကြမ်းဖက်မှု စွပ်စွဲချက်နဲ့ ပတ်သက်ပြီး ဘယ်လိုလူ့အခွင့်အရေး ချိုးဖောက်မှုကိုမျှ လျစ်လျူရှုဖို့ မရှိကြောင်းနဲ့   သက်သေအထောက်ထား ခိုင်လုံစွာရှိပါက ချိုးဖောက်သူ ဘယ်သူကိုမဆို အကာအကွယ် မပေးဘဲ ဥပဒေနဲ့အညီ အရေးယူမယ်၊ အင်းဒင်ရွာဖြစ်စဉ်မှာ ပါဝင်ပတ်သက်ခဲ့တဲ့ တပ်မတော်သား (၇)ဦးကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၁၀)နှစ် ချမှတ်ခဲ့တာဟာ တရားဥပဒေ စိုးမိုးရေးအတွက် အစိုးရရဲ့ ခိုင်မာတဲ့ ကတိကဝတ်ကို ရှင်းရှင်းလင်းလင်း ပြသလိုက်တာ ဖြစ်တယ်လို့  သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ဆက်လက် ပြောပါတယ်။

ဒါ့အပြင်  ‘မျိုးနွယ်စုများအား သုတ်သင် ရှင်းလင်းခြင်း’ နဲ့ ‘လူမျိုးသုဉ်းသတ်ဖြတ်ခြင်း’ စတဲ့ အသုံးအနှုန်းတွေကို  မြန်မာနိုင်ငံအနေနဲ့ ပြင်းထန်စွာ ကန့်ကွက်ကြောင်း၊ အထောက်အထား မခိုင်လုံတဲ့ တစ်ဖက်သတ်စွပ်စွဲမှုတွေ၊ သတင်းမှားတွေ၊ နိုင်ငံရေးအရ ဆွပေးဖို့ ရည်ရွယ်တဲ့ အစီရင်ခံစာတွေအပေါ် အခြေခံတဲ့ တာဝန်မဲ့ စွပ်စွဲချက်တွေဟာ လက်ရှိ အခြေအနေကို ပိုမိုဆိုးရွားစေမယ်၊ ပဋိပက္ခနဲ့ ဆက်စပ်တဲ့ လိင်အကြမ်းဖက်မှုတွေကို ရှုတ်ချသလို အချို့ အုပ်စုတွေက  ၎င်းတို့ရဲ့ ကိုယ်ပိုင်နိုင်ငံရေးအကျိုးအမြတ် ရရှိဖို့အတွက် ထိခိုက်လွယ်တဲ့ ကိစ္စရပ်ကို အသုံးချ နေတာကိုလည်း ရှုတ်ချသင့်တယ်လို့ မြန်မာသံအမတ်က ဆွေးနွေးပါတယ်။

ရိုဟင်ဂျာရှေ့နေ ရာဇီယာ ဆူလ်တာနာကတော့ လုံခြုံရေးကောင်စီအနေနဲ့ ရိုဟင်ဂျာ ဒုက္ခသည်ပြဿနာအကျပ်အတည်းကို တားဆီးဖို့ ပျက်ကွက်ခဲ့တဲ့အကြောင်း  လုံခြုံရေးကောင်စီ တံခါးဖွင့် အစည်းအဝေးပွဲမှာ အန်ဂျီအိုတွေကိုယ်စားပြောသွားပါတယ်။

သူကိုယ်တိုင်သုတေသနတွေ့ရှိချက်တွေနဲ့ တွေ့ဆုံမေးမြန်းချက်တွေအရ မြန်မာ တပ်ဖွဲ့တွေက ရခိုင်ပြည်နယ် ကျေးရွာ ၁၇ ရွာမှာ အမျိုးသမီးနဲ့ မိန်းကလေး ၃၀၀ ကျော်ကို အဓမ္မပြုကျင့်ခဲ့တယ်၊ အသက် ၆နှစ်လောက်ငယ်ရွယ်တဲ့ မိန်းကလေးတွေတောင် အုပ်စုလိုက် အဓမ္မပြုကျင့်ခံခဲ့ရတယ်၊ မြန်မာနိုင်ငံရဲ အခြေအနေကို နိုင်ငံတကာရာဇ၀တ်ခုံရုံး (အိုင်စီစီ)ကို အချိန်မဆွဲပဲ တင်သင့်တယ်လို့လည်း ပြောသွားပါတယ်။

ပဋိပက္ခတွေအတွင်းလိင်ပိုင်းဆိုင်ရာ အကြမ်းဖမ်းမှုတွေနဲ့ ပတ်သက်ပြီး အခုနှစ်အတွက် ထုတ်ပြန်တဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အစီရင်ခံစာမှာ မြန်မာ့တပ်မတော်ကို ပထမဆုံး အကြိမ်ထည့်သွင်းခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံ- Information Committee
DVB



0 comments:

Post a Comment