Thursday, April 26, 2018

မီးခိုးမွှန်ခြင်းနှင့် ဆက်စပ်ရောဂါများဖြင့် အတွင်းလူနာအဖြစ် တက်ရောက်ကုသသူ ယနေ့အထိ ၁၉ ဦးရှိ


ထိန်ပင် အမှိုက်ပုံမီးစတင်လောင်ကျွမ်းသည်မှ မီးခိုးမွှန်ခြင်းနှင့် ဆက်စပ်ရောဂါများဖြင့် လှိုင်သာယာပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် တက်ရောက်၍ ဆေးဝါးကုသမှုခံယူသူ အတွင်းလူနာများမှာ ယနေ့အထိ ၁၉ ဦးရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှသိရသည်။

အမှိုက်ပုံမီးစတင်လောင်ကျွမ်းသည်မှ မီးခိုးမွှန်ခြင်းနှင့် ဆက်စပ်ရောဂါများဖြင့် လှိုင်သာယာပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် တက်ရောက်၍ ဆေးဝါးကုသမှုခံယူသူလူနာ (၂၄-၄-၂၀၁၈) ရက်နေ့တွင် (၁၃) ဦး၊ (၂၅-၄-၂၀၁၈) ရက်နေ့တွင် (၂) ဦးနှင့် (၂၆-၄-၂၀၁၈) ရက်နေ့တွင် (၄) ဦး၊ စုစုပေါင်း (၁၉) ဦးနှင့် ပြင်ပလူနာအဖြစ် (၂၄-၄-၂၀၁၈) ရက်နေ့ တွင် (၃) ဦး၊ (၂၅-၄-၂၀၁၈)ရက်နေ့တွင် (၁၁) ဦးနှင့် (၂၆-၄-၂၀၁၈) ရက်နေ့တွင် (၅) ဦး၊ စုစုပေါင်း (၁၉) ဦး ရှိပါသည်။

အတွင်းလူနာများအနက် (၁) ဦးမှာ အဆုတ်ရောဂါအခံရှိသူဖြစ်သဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ (၂၄-၄-၂၀၁၈) ရက်နေ့တွင် လွှဲပြောင်းကုသမှုပေးခဲ့ပါသည်။

၎င်းအပြင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ပြင်ပလူနာဌာနသို့ (၂၄-၄-၂၀၁၈) ရက်နေ့တွင် လှိုင်သာယာမြို့နယ်၌နေထိုင်သူ (၁) ဦး မီးခိုးမွှန်ခြင်းနှင့် ဆက်စပ်ရောဂါဖြင့် လာရောက်ပြသခဲ့ကြခြင်းဖြစ်သည်။

ဆေးရုံတက်ရောက်ကုသမှုခံယူသူများမှ ရောဂါသက်သာကောင်းမွန်သဖြင့် (၂၄-၄-၂၀၁၈) ရက်နေ့တွင် လူနာ (၃) ဦး၊ (၂၅-၄-၂၀၁၈) ရက်နေ့တွင် လူနာ (၁) ဦး ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီး ကျန်ရှိသောအတွင်းလူနာ (၁၄) ဦး၏ ကျန်းမာရေးအခြေအနေမှာလည်း သက်သာကောင်းမွန်လျက်ရှိသည်။

လှိုင်သာယာမြို့နယ်တွင် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှု ယာယီဆေးခန်း (၆) ခုကို (၂၄) နာရီ ဖွင့်လှစ်ထားရှိကာ အဆိုပါဆေးခန်းများ၌ ဆေးနှင့်ဆေးပစ္စည်းများနှင့် အောက်စီဂျင်အိုး (၅) လုံးစီနှင့် လူနာများလွှဲပြောင်းကုသမှုပေးနိုင်ရန် လူနာတင်ယာဉ်များကိုလည်း အသင့်ထားရှိပါသည်။ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပရဟိတအသင်းများနှင့်ချိတ်ဆက်၍ အောက်စီဂျင်အိုးများ ပြတ်လပ်မှုမရှိစေရန်နှင့် လူနာလွှဲပြောင်းကုသမှု ပိုမိုအဆင်ပြေချောမွေ့စေရန် ဆောင်ရွက်လျက်ရှိသည်။

ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လုပ်ငန်းခွင်နှင့်ပတ်ဝန်းကျင်ကျန်းမာရေးဌာနခွဲမှ လေထုအရည်အသွေး တိုင်းတာစစ်ဆေးခြင်းလုပ်ငန်းများကို လှိုင်သာယာမြို့နယ် (၂၀) ရပ်ကွက်တွင် (၂၄-၄-၂၀၁၈) ရက်နေ့မှလည်းကောင်း၊ (၆) ရပ်ကွက်တွင် (၂၆-၄-၂၀၁၈) ရက်နေ့မှလည်းကောင်း စတင်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနတို့မှ ဗဟိုကွင်းဆင်းအဖွဲ့ဝင်များသည် (၂၆-၄-၂၀၁၈) ရက်နေ့တွင် ယခင်ရောက်ရှိလျက်ရှိသော ကွင်းဆင်းအဖွဲ့များ၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်ပူးပေါင်းကာ အဖွဲ့ငယ် (၃) ဖွဲ့ခွဲ၍ လှိုင်သာယာမြို့နယ် (၆) ရပ်ကွက်၊ (၂၀) ရပ်ကွက်နှင့် အတွင်းပဒံကျေးရွာအုပ်စု၊ မြစိမ်းရောင်ကွင်းပြင်အနီးရှိ မီးငြိမ်းသတ်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာနေရာတို့သို့ သွားရောက်အားဖြည့် ဆောင်ရွက်ခဲ့ပါသည်။ ကွင်းဆင်းအဖွဲ့သည် ယာယီဆေးခန်းဖွင့်လှစ်၍ မီးငြှိမ်းသတ်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် မီးသတ်တပ်ဖွဲ့ဝင်များအား အနီးကပ် ကျန်းမာရေးစောင့်ရှောက်မှုပေးလျက် ရှိသည်။

မီးခိုးငွေ့ဘေးအန္တရာယ်ဆိုင်ရာ ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းများကို အများပြည်သူလူထု မြင်သာရာနေရာများတွင် ဗီနိုင်းဆိုင်းဘုတ်များတပ်ဆင်၍လည်းကောင်း၊ သတိပြုလိုက်နာရမည့်အချက်များကို ဆွေးနွေးဟောပြောပွဲများ ပြုလုပ်၍လည်းကောင်း၊ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်းပြီး အသံချဲ့စက်များ အသုံးပြုနှိုးဆော်၍လည်းကောင်း ဆောင်ရွက်လျက်ရှိသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် မီးခိုးမွှန်ခြင်းနှင့် ဆက်စပ်ရောဂါများ ဖြစ်ပွားမှုများကို အနီးကပ်စောင့်ကြပ်ကြည့်ရှု၍ အဆင့်ဆင့်ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့၊ နှီးနွှယ်ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။




PN
Source - ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
Popular News Journal

0 comments:

Post a Comment