Friday, April 27, 2018

NVC ကတ်ကိုင်ဆောင်ပြီး ပုံစံ ၄ ဖြည့်မှသာ တနိုင်ငံလုံး လွတ်လပ်စွာ သွားလာခွင့်ရှိမည်ဟု လူ/ကယ်/ပြန် ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ရှင်းလင်း


ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဒုက္ခသည်များ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွင် နိုင်ငံသားစိစစ်မှုသက်သေခံကတ် (NVC) ကတ်ကိုင်ဆောင်ပြီး ပုံစံ (၄) ဖြည့်မှသာ တနိုင်ငံလုံး လွတ်လပ်စွာ သွားလာခွင့်ရှိမည်ဖြစ်ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြည်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဧပြီလ ၂၇ ရက်နေ့ နေပြည်တော် မင်္ဂလာသီရိဟိုတယ်၌ မီဒီယာများနှင့်တွေ့ဆုံစဉ် ပြောကြားလိုက်သည်။

“ကျွန်တော်ပြောတယ် NVC ကတ်ကိုင်ဆောင်ရင် မြန်မာတနိုင်ငံလုံးလွတ်လပ်စွာသွားလာခွင့်ရှိတယ်။ အဲဒီနောက်မှာ ကျွန်တော်ပြောထားပါတယ် ကိုယ့်ဒေသက အခြားနေရာကို ထွက်မယ်ဆိုရင် ပုံစံ (၄) ဖြည့်ရမယ် သက်ဆိုင်ရာကို အကြောင်းကြားရမယ်။ ဒီအဆင့်တွေကို ကျော်ဖြတ်ပြီးမှ သက်ဆိုင်ရာက ဒေသန္တရဥပဒေဆိုတာရှိတယ်။ အဲဒီဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်မယ်”ဟု လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြည်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကပြောသည်။

ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးစသည့် တိုင်းဒေသကြီးများတွင် ဒေသန္တရ ဥပဒေများရှိကြောင်း၊ ဒေသန္တရအမိန့်များကို လိုက်နာရမည်ဖြစ်ကြောင်း ၊ ပုံစံများကို ဖြည့်စွက်ပြီးမှသာ သွားလာခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဒုက္ခသည်များ ပြန်လည်လက်ခံရေးအတွက် အစိုးရအဖွဲ့တာဝန်ရှိသူများ လုပ်ဆောင်ကြရာတွင် ပြန်လည်ရောက်ရှိလာမည့် ဒုက္ခသည်များကို NVC ကတ်ရရှိရေးအတွက် လူကိုယ်တိုင် လာရောက်လျှောက်ထားရမည်ဖြစ်ကြောင်း၊ လျှောက်ထားသူများတွင် အချက်အလက်ခိုင်မာမှုများ ရှိရမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ သဘောတူညီမှုအရ ရခိုင်ပြည်နယ်မြောက်ပိုင်း ပြဿနာများကြောင့် နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေးကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၃ ရက်နေ့ကတည်းက စတင်ဆောင်ရွက်ရန် မြန်မာအစိုးရဘက်မှ ပြင်ဆင်ထားခဲ့ကြောင်း၊ ယနေ့အထိ ပြန်လည်ဝင်ရောက်သူ ၅ ဦးသာရှိသေးကြောင်း ဧပြီ ၁၄ ရက်နေ့တွင် အစိုးရသတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်ထားသည်။

ထွန်း (နေပြည်တော်)
News Watch


0 comments:

Post a Comment