Thursday, April 26, 2018

ခရီးသွားကုမ္ပဏီ ၃၀၀ ကျော်ကို လိုင်စင်ဖျက်သိမ်း


ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ ဖြိုးတိုးတက်ရန် ခရီးသွား ကုမ္ပဏီများကို ခရီးလှည့်လည်ရေး လုပ်ငန်းလိုင်စင်များ ထုတ်ပေးလျက်ရှိရာ လုပ်ငန်းလိုင်စင် ရယူထားပြီး သက်တမ်းတိုး ဆောင်ရွက်ခြင်းမရှိသော ကုမ္ပဏီ ၃၇၀ ကျော်ကို လုပ်ငန်းလိုင်စင် ဖျက်သိမ်းလိုက်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနက ဧပြီလ ၂၅ ရက်က ထုတ်ပြန်သည်။

“ကုမ္ပဏီတွေက လုပ်ငန်းလိုင်စင် ရယူထားတယ်။ လိုင်စင်သက်တမ်းကုန်တော့ လိုင်စင်သက်တမ်းတိုးဖို့ တင်ပြတာ၊ သက်တမ်းတိုးတာမရှိလို့ ကုမ္ပဏီ ၃၇၇ ခုကို လိုင်စင်သက်တမ်း ပယ်ဖျက်စာရင်းသွင်းပြီး ဖျက်သိမ်းတာပါ”ဟု ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

ထို့အပြင် ခရီးလှည့်လည်ရေး လုပ်ငန်းလိုင်စင် ခွင့်ပြုထားသော ကုမ္ပဏီများအနက် လိုင်စင်စည်းကမ်းများကို ဖောက်ဖျက်သဖြင့် ခရီးသွားကုမ္ပဏီ ခြောက်ခုကို လုပ်ငန်းလိုင်စင် သုံးလမှ ခြောက်လအထိ ရုပ်သိမ်းခြင်းဖြင့် အရေးယူထားကြောင်း ၎င်းက ပြောကြားသည်။

အဆိုပါ လုပ်ငန်းလိုင်စင်မှာ ၂ နှစ် သက်တမ်းဖြစ်ပြီး ပျက်ပြယ်သွားသော ကုမ္ပဏီများအနေနှင့် လုပ်ငန်း ပြန်လည်လုပ်ကိုင်လိုပါက လုပ်ငန်းလိုင်စင်အသစ် ပြန်လည် လျှောက်ထားနိုင်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနထံမှ သိရသည်။

ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သော ဧည့်လမ်းညွှန် လုပ်ငန်းလိုင်စင်ထုတ်ပေးရာတွင်လည်း ၂၀၁၆ ခုနှစ်မှ၂၀၁၈ ခုနှစ်အတွင်း လိုင်စင်ရယူထားပြီး လိုင်စင် သက်တမ်း ကုန်ဆုံးနေသည်ကို လိုင်စင်သက်တမ်း တိုးတင်ပြလာခြင်း မရှိသဖြင့် ဧည့်လမ်းညွှန် ၂၅၈ ဦးကို လုပ်ငန်းလိုင်စင် ဖျက်သိမ်းခဲ့သည်။

“ဧည့်လမ်းညွှန်လိုင်စင်ကတော့ လိုင်စင်လုပ်ထားပြီးမှ အကြောင်းအမျိုးမျိုးကြောင့် လိုင်စင်ပျက်ပြယ်သွားတဲ့သူတွေကို ဟိုတယ်ခရီးဝန်ကြီးဌာနရဲ့ မွမ်းမံသင်တန်းတက်ဖို့လိုတယ်။ အောင်ရင်တော့ လိုင်စင် လျှောက်လို့ရပါပြီ”ဟု ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ပြည်တွင်း ခရီးသွားကုမ္ပဏီများ အနေနှင့် လိုင်စင်ချပေးထားခြင်းမှာ ဖောင်းပွနေမှုများရှိပြီး ခရီးသွားလုပ်ငန်းလောကတွင် တကယ်လုပ်ကိုင်သည့် ကုမ္ပဏီမှာ နည်းပါးကြောင်း A.M Star Travel & Tour ကုမ္ပဏီဒါရိုက်တာ ဒေါ်ဖြူဖွေးသန့်က ပြောကြားသည်။

“အရင်က လိုင်စင်တွေ ချပေးတယ်ဆိုပြီး အများကြီး ချပေးထားတယ်။ ကုမ္ပဏီတွေက လိုင်စင်ယူပြီး တကယ်မလုပ်တာတွေရှိတယ်။ နောက် ခရီးသွားက အရမ်းပါးလာတယ်။ ခရီးသိပ်မထွက်ကြဘူး။ စီးပွားရေး မကောင်းလို့ ထင်တယ်။ အဲဒါကြောင့်လည်း ကုမ္ပဏီတွေက ရပ်နားလိုက်တာဖြစ်မယ်”ဟု ၎င်းကဆိုသည်။

၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်မတ်လထိ ခရီးလှည့်လည်ရေး လုပ်ငန်းလုပ်ကိုင်လိုသည့်ကုမ္ပဏီ ၁၀၉၇ ခုကို လိုင်စင်ခွင့်ပြုထားပြီး ဧည့်လမ်းညွှန်လုပ်ငန်း လုပ်ကိုင်လိုသူ ၁၉၀၂ဦးကို လုပ်ငန်းလိုင်စင်ခွင့်ပြုထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနထံမှ သိရသည်။

The Voice

0 comments:

Post a Comment