Friday, April 27, 2018

ထိန်ပင်အမှိုက်ပုံမီးအနီး နယ်လှည့်ဆေးကုခန်းသို့ နှစ်ရက်အတွင်း လူနာ ၄၀၀ ကျော် ပြသ


လှိုင်သာယာမြို့နယ်တွင်း လောင်ကျွမ်းနေသော ထိန်ပင်အမှိုက်ပုံမီးကြောင့် အနီးပတ်ဝန်းကျင်နေထိုင်သူများကို (၂၀) ရပ်ကွက်တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ကုသပေးလျက်ရှိရာ ဧပြီ ၂၆ ရက်အထိ လာရောက်ကုသသူ လူနာ ၄၀၀ ကျော်ခန့်ရှိကြောင်း အမှတ် ၂၀ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်ဦးက ပြောကြားသည်။

အဆိုပါထိန်ပင်အမှိုက်ပုံမီးလောင်ကျွမ်းမှုကြောင့် ထွက်ရှိလာသော မီးခိုးအငွေ့များဒဏ်ခံစားရပြီး ပြည်သူလူထု အသက်ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန် ရန်ကုန်တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့သည် ဧပြီ ၂၅ ရက် ညနေမှစတင်ပြီး လှိုင်သာယာမြို့နယ်၊ အမှတ် (၂၀) ရပ်ကွက်၊ အပိုင်း (၁၀)၊ ဝေပုလ္လ (၃) ရပ်ကွက် သဟပုညကာရီဓမ္မာရုံတွင် အခြေပြုပြီး အထူးကုပါရဂူကြီးများအပါအဝင် ကျန်းမားရေးစောင့်ရှောက်မှုများ ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“မီးခိုးငွေ့ကြောင့်တင် မဟုတ်ဘူး။ တခြားရောဂါတွေပါ အကုန်ကုပေးတယ်။ ဧပြီ ၂၅ ရက်ညက ၁၅၃ ယောက် လာရောက်ကုသတယ်။ ဧပြီ ၂၆ ရက်ဆို မနက်ခင်းတင်ပဲ ၂၀၀ ကျော် ၃၀၀ လောက်ဖြစ်နေပြီ။ ယနေ့ဆို ငါးရာလောက်ဖြစ်သွားမယ်။ အုပ်ချုပ်ရေးမှူးရုံးမှာ လာပြစရာမလိုတော့ဘူး။ ရန်ကုန်တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့ကို လွှဲပေးလိုက်ပါပြီ။ ဧပြီ ၂၆ ရက်မနက်က အောက်ဆီဂျင်ရှူနေရင်း အမြှုပ်တွေထွက်လာလို့ လှိုင်သာယာဆေးရုံကို တင်ပေးလိုက်တယ်” ဟု ဦးဇော်ဦးကဆိုသည်။

ဧပြီ ၂၁ ရက်နေ့ကတည်းက ခြောက်ရက်ကြာလောင်ကျွမ်းနေသည့် အမှိုက်ပုံ မီးလောင်မှုကို မီးထိန်းနိုင်သော်လည်း ယနေ့အထိ မီးသတ်ဦးစီးဌာန၊ တပ်မတော်သားများအပြင် တိုင်းရဲတပ်ဖွဲ့ဝင်များနှင့် စည်ပင်သာယာရေးအဖွဲ့တို့မှ ပူးပေါင်းငြှိမ်းသတ်နေပြီး လက်ရှိအချိန်အထိ မီးငြိမ်းသေးခြင်းမရှိသေးကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းနိုင်က ပြောကြားသည်။

“အမှိုက်ပုံ လှိုက်လောင်နေတော့ မီးကတော့ ဆက်လက်ငြှိမ်းနေရဆဲပါပဲ။ ဧပြီ ၂၆ ရက်နေ့မှာတော့ တပ်မတော်သားတွေအပြင် တိုင်းရဲတပ်ဖွဲ့က တပ်ဖွဲ့ဝင်တွေပါ ကူညီငြှိမ်းသတ်ပေးနေပါတယ်” ဟု ၎င်းက ဆိုသည်။

ဧပြီလ ၂၃ ရက်က မီးခိုးငွေ့ကြောင့် အသက်ရှူကျပ်သည့် လူနာပေါင်း ၅၀ မှာ ၂၀ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှိ မြေပြင်ကျန်းမာရေးစောင့်ရှောက်သည့်အဖွဲ့သို့ လာရောက်ပြသခဲ့ပြီး ဧပြီလ ၂၄ ရက်နေ့တွင် ၁၉ ဦးနှင့် ဧပြီ ၂၅ ရက်နေ့ညနေအထိ ၁၂ ဦး၊ ဧပြီ ၂၅ ရက်နေ့ညတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်နယ်လှည့် ဆေးကုသရေးအဖွဲ့သို့ ၁၅၃ ဦးနှင့် ဧပြီ ၂၆ ရက် ညနေအထိ ၃၀၀ ဦးခန့် လာရောက်ပြသခဲ့သဖြင့် စုစုပေါင်း ၅၀၀ ကျော်ရှိပြီဖြစ်ကြောင်း ၂၀ ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

လှိုင်သာယာပြည်သူ့ဆေးရုံကြီးတွင် ဧပြီ ၂၆ ရက်အထိ မီးခိုးမွှန်ရောဂါနှင့် ဆက်စပ်၍ အတွင်းလူနာ ၁၄ ဦး တက်ရောက်ဆေးဝါးကုသမှုခံယူလျက်ရှိကြောင်း လှိုင်သာယာမြို့နယ်၊ ပြည်သူ့ဆေးရုံကြီးထံမှ သိရသည်။

လက်ရှိ အမှိုက်ပုံမီးကို ဧပြီ ၂၆ ရက်တွင် မီးငြှိမ်းသတ်ယာဉ် ၂၂ စီး၊ မီးသတ်ရေသယ်ယာဉ် ၄၃ စီး၊ ရေစုပ်စက် ၃၉ လုံး၊ ကွပ်ကဲမှုယာဉ် ၈ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၃၃၇ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၅၀ ဦးတို့ဖြင့် မီးငြှိမ်းသတ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်လက်အောက်ရှိ တပ်မတော်သား ၁၆၀ ဦး၊ တိုင်းရဲတပ်ဖွဲ့မှ ၁၇၁ ဦးနှင့် အမှတ် ၂ လုံခြုံရေးကွပ်ကဲမှုအဖွဲ့ရုံးမှ ၁၁၀ ဦးဖြင့် ဝိုင်းဝန်းကူညီငြှိမ်းသတ်ပေးလျက်ရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

The Voice

0 comments:

Post a Comment