Sunday, April 29, 2018

ထိန်ပင်အမှိုက်ပုံ မီးလောင်မှု သုံးရက်ကြာအတွင်း အပြီးသတ်မီးငြိမ်းနိုင်ရန် ဇုန်လေးဇုန်သတ်မှတ် လုပ်ဆောင်


ထိန်ပင်အမှိုက်ပုံ မီးလောင်မှုကို သုံးရက်ကြာအတွင်း အပြီးသတ်မီးငြိမ်းနိုင် ရန် ဇုန်လေးဇုန်သတ်မှတ် လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။


ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူက ''လက်ရှိ မြေပြင်အခြေအနေကို ကြည့်ပြီးတော့ မဟာဗျူဟာအသစ်ကို ပြောင်းလဲ ရေးဆွဲခဲ့ပါတယ်၊ မီးလောင်ပြင်ကို ဇုန်လေးဇုန်သတ်မှတ်ပြီး အပိုင်းအလိုက် ငြှိမ်းသတ်နေပါ တယ်၊ ဒီကနေ့ ဆိုရင် ဇုန်(A)ကို ငြှိမ်းသတ်နေတာပါ၊ ညနေ ၆ နာရီခွဲ ရင်တော့ သတ်မှတ်အချိန်ပြည့်ပြီ၊ လက်စသတ်ပါမယ်၊ ဒီကနေ့ရဲ့ ရည်မှန်းချက်က ပြည့်လည်းပြည့်တယ်၊ အောင်လည်း အောင်မြင်ပါတယ်၊ ဇုန်တစ်ဇုန်ကို တစ်ရက်နှုန်းနဲ့ အပြီးပြတ် ငြှိမ်းသတ်သွားမှာပါ၊ နောက်ထပ် သုံးရက်ဆိုရင် အားလုံးငြိမ်းပါပြီ၊ လက်ရှိငြှိမ်းသတ်တဲ့ အခါမှာတော့ Bio Foam ဆေးရည်ကို နည်းနည်းပဲ သုံးပါတယ်၊ ရေများများနဲ့ ငြှိမ်းသတ်နေ တာပါ၊ အဆုံးသတ်အပိုင်းတွေကိုတော့ Bio Foam ဆေးရည်နဲ့ ငြှိမ်းပါတယ်'' ဟု ပြောသည်။

မီးလောင်မှု၏ ၉ဝ ရာခိုင်နှုန်းကို ငြှိမ်းနိုင်ခဲ့ပြီးဖြစ်သော်လည်း အမှိုက်ပုံ အတွင်းပိုင်းမှ လောင်ကျွမ်းနေမှုနှင့် မီးခိုးများ ထွက်ရှိနေမှုတို့ကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ မဟာဗျူဟာအရ အပိုင်းအလိုက် (A, B, C, D) ဇုန်များ သတ်မှတ်ကာ ငြှိမ်းသတ်လျက်ရှိရာ အောင်မြင် ထိရောက်မှုရှိကြောင်း သိရသည်။

အဆိုပါမီးလောင်မှုကို ငြှိမ်းသတ်ရာတွင် ရေဖြင့်အဓိကပက်ဖျန်းကာ ငြှိမ်းသတ်လျက်ရှိပြီး လိုအပ်သည့် နေရာများတွင်သာ Bio Foam ကို အသုံးပြုကာ ငြှိမ်းသတ်လျက်ရှိသည်။ ထိုသို့ငြှိမ်းသတ်ရာတွင် မီးငြှိမ်းသတ်မှု အင်အား ၉ဝဝ ကျော်တို့၏ အလှည့်ကျ ဆောင်ရွက်မှုနှင့် အတူ မီးငြှိမ်းသတ်ယာဉ်၊ အထောက်အကူပြု ယာဉ်၊ ရေသယ်ယာဉ် စုစုပေါင်း အစီး ၃၈ဝ၊ ရေတင်စက်အလုံး ၄ဝ၊ ဘက်ဟိုးယာဉ် ကိုးစီးတို့ဖြင့် တစ်ရက်လျှင် ရေဂါလန် တစ်သန်းခန့် အသုံးပြုကာ ငြှိမ်းသတ်လျက် ရှိကြောင်း သိရသည်။

ထိန်ပင် အမှိုက်ပုံမီးလောင်မှုသည် ဧပြီ ၂၁ ရက် မွန်းလွဲပိုင်းက စတင်လောင်ကျွမ်းခဲ့ရာ သက်ဆိုင်ရာ တာဝန်ရှိသူတို့နှင့်အတူ သန္ဓေ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီမှ ဝန်ထမ်းများ အပါအဝင် အင်အား ၉ဝဝ ကျော်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်လျက်ရှိပြီး ဧပြီ ၂၇ ရက် နံနက် ၉ နာရီခန့်မှ စတင်ကာ အပြီးသတ် မီးငြှိမ်းသတ်နိုင်ရန် Bio Foam ကို အသုံးပြု ငြှိမ်းသတ် လျက်ရှိသည်။


The Ladies News

0 comments:

Post a Comment