Wednesday, April 25, 2018

ကမ္ဘောဇအုပ်စု ဂုဏ်ထူးဆောင်ဆု အပါအဝင် အခွန်အမြင့်မားဆုံး ထမ်းဆောင်သူ လုပ်ငန်းရှင်ဆု ၅ ဆုရရှိ


ကမ္ဘောဇဘဏ်၊ ကမ္ဘောဇအုပ်စုကို မြန်မာနိုင်ငံတွင် ပထမနေရာမှ ၆ နှစ်ဆက် ဝင်ငွေခွန်အများဆုံး ထမ်းဆောင်ခဲ့သဖြင့် ဂုဏ်ထူးဆောင်ဆု အပါအဝင် အခွန်အမြင့်မားဆုံးထမ်းဆောင်သူ လုပ်ငန်းရှင်ဆု ၅ ဆုကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဧပြီလ ၂၅ ရက်နေ့က ပေးအပ်လိုက်ကြောင်း ယင်းဘဏ်က ထုတ်ပြန်သည်။

၂၀၁၆-၂၀၁၇ စည်းကြပ်နှစ်အတွက် ဝင်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် အများဆုံးထမ်းဆောင်ခဲ့သည့် လုပ်ငန်းရှင်များအား မှတ်တမ်းတင်ဂုဏ်ပြုလွှာ ပေးအပ်ချီးမြှင့်ပွဲကို ဧပြီလ ၂၅ ရက်တွင် ရန်ကုန်မြို့ရှိ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကျင်းပပြုလုပ်ခဲ့ရာတွင် ယင်းသို့ ပေးအပ်ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

အခမ်းအနားတွင် ကျပ်ငွေစုစုပေါင်း ၁၀၇ ဘီလီယံကျော်ဖြင့် တစ်နိုင်ငံလုံးတွင် ပထမနေရာမှ ၆ နှစ်ဆက် ဝင်ငွေခွန် အများဆုံး ထမ်းဆောင်ခဲ့သော ကမ္ဘောဇဘဏ် နာယက ဦးအောင်ကိုဝင်းအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဂုဏ်ပြုဆုဖလား၊ လည်ဆွဲနှင့် ဂုဏ်ထူးဆောင် ဆုလက်မှတ်တို့ကို ပေးအပ်ချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါဘဏ်ထံမှ သိရသည်။

ယင်းနောက် ၂၀၁၆-၂၀၁၇ အခွန်စည်းကြပ်နှစ်အတွက် ဝင်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် အများဆုံးပေးဆောင်ခဲ့ကြသော လုပ်ငန်းရှင်များအား မှတ်တမ်းတင်ဂုဏ်ပြုလွှာများ ပေးအပ်ချီးမြှင့်ရာ ကျပ်ငွေ ၂၈ ဘီလီယံကျော်ဖြင့် တစ်နိုင်ငံလုံးတွင် ပထမနေရာမှ ဝင်ငွေခွန်အများဆုံး ထမ်းဆောင်ခဲ့သော ကမ္ဘောဇဘဏ်အတွက် ဒုတိယအမှုဆောင်အရာရှိချုပ် ဒေါ်နန်းလိုင်းခမ်းအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခဲ့သည်။

ကမ္ဘောဇဘဏ်လီမိတက်သည် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက်လည်း ကြိုတင်ခွန် ၃၂ ဘီလီယံကျော် ပေးဆောင်ထားပြီးဖြစ်ကြောင်း ယင်းဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၁၆-၂၀၁၇ အခွန်စည်းကြပ်နှစ်အတွက် ဝင်ငွေခွန်အများဆုံး ပေးဆောင်ခဲ့သော အပြည်ပြည်ဆိုင်ရာ ကမ္ဘောဇအာမခံလုပ်ငန်း (IKBZ Insurence) အတွက် IKBZ Insurence ၏ ဥက္ကဋ္ဌနှင့် ကမ္ဘောဇဘဏ်လီမိတက်၏ ဒုတိယအမှုဆောင်အရာရှိချုပ် ဒေါ်နန်းခမ်းနောင့်အား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက မှတ်တမ်းတင်ဂုဏ်ပြုလွှာ ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် ၂၀၁၆-၂၀၁၇ အခွန်စည်းကြပ်နှစ်တွင် ဝင်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် အမြင့်မားဆုံးပေးဆောင်ခဲ့သည့် ကမ္ဘောဇအုပ်စုမှ ဂျိမ်းဖောအောင်ကုမ္ပဏီနှင့် နီလာရိုးမထရေးဒင်း ကုမ္ပဏီတို့ကိုလည်း မှတ်တမ်းတင်ဂုဏ်ပြုလွှာများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ကမ္ဘောဇဘဏ်လီမိတက် နာယက ဦးအောင်ကိုဝင်းမှာ အစိုးရသစ်လက်ထက် ပထမဆုံးအကြိမ်ချီးမြှင့်သော “နိုင်ငံတော်သမ္မတ၏ ဂုဏ်ထူးဆောင်ဆု” ကို နိုင်ငံတော်သမ္မတ ဦးထင်ကျော်က မတ်လ ၆ ရက်နေ့တွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော်တွင် ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း ယင်းဘဏ်က ထုတ်ပြန်ထားသည်။ အဆိုပါအခမ်းအနားတွင် နိုင်ငံတော်အစိုးရက ကမ္ဘောဇဘဏ်နှင့် ကမ္ဘောဇအုပ်စုကို “နိုင်ငံတော်သမ္မတ၏ ဂုဏ်ထူးဆောင်ဆု” အပါအဝင် ဂုဏ်ပြုဆု ၃ ဆု ပေးအပ်ချီးမြှင့်ခဲ့သည်။   

The Voice

0 comments:

Post a Comment