Wednesday, April 25, 2018

လပွတ္တာခရိုင်မှ ခရီးသည်နှင့်ကုန်စည်များ အဆင်ပြေစေရန် တူးမြောင်း-ညောင်ချောင်းဇက်ဆိပ်အား အခမဲ့ စတင်ပြေးဆွဲ


ဧပြီ ၁ ရက်တွင် ပြိုကျခဲ့သည့် မြောင်းမြကြိုးတံတားကြောင့် လပွတ္တာခရိုင်တွင်း သွားလာရေးခက်ခဲခဲ့ရာ ခရီးသည်နှင့် ကုန်စည်များ အဆင်ပြေစေရန် ပုသိမ်မြို့နှင့် တိုက်ရိုက်သွားလာနိုင်ရန် တူးမြောင်း-ညောင်ချောင်းလေး ဇက်ဆိပ်အား ဧပြီ ၂၅ ရက်မှစပြီး အခမဲ့ပြေးဆွဲလျက်ရှိကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၏ ညွှန်ကြားချက်ဖြင့် တည်ဆောက်ထားသည့် အဆိုပါ ညောင်ချောင်းဇက်ဆိပ်အား ငါးရက်အတွင်း နေ့ရောညပါ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ၎င်းဇက်ဆိပ်မှ ငပုတောမြို့သို့ တိုက်ရိုက်ရောက်ရှိကာ လပွတ္တာ-ပုသိမ် ဆက်သွယ်သည့် အနီးဆုံးလမ်းတစ်ခု ဖြစ်လာကြောင်း သိရသည်။

“လမ်းကတော့ လပွတ္တာခရိုင်ကလည်း မြောင်းမြကို ဖြတ်ရတယ်။ လပွတ္တာခရိုင်ဘက်က ခရီးသည်တွေ traffic တွေကို ကျွန်တော်တို့ ပုသိမ်ဘက်ကို ကူးနိုင်ဖို့အတွက်ဆိုရင် လပွတ္တာကနေလာမယ်။ ညောင်ချောင်းလေး ဇက်ဆိပ်ကနေ ငပုတောကိုဖြတ်ပြီး ပုသိမ်ကိုသွားလို့ရတယ်။ မြောင်းမြမှာ traffic jump မဖြစ်တော့ဘူးပေါ့” ဟု လျှပ်စစ်စွမ်းအင်စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောကြားသည်။

ညောင်ချောင်လေးဇက်ဆိပ်မှာ မြောင်းမြကြိုးတံတားပျက်ကျမှုကြောင့် ခရီးလမ်းကြောင်းရှင်းရန် ထပ်မံချဲ့ထွင်သည့် လမ်းကြောင်းဖြစ်သောကြောင့်  ဇက်ကူးခများကို အခမဲ့ကူးပေးမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ငပုတောလမ်းပေါ်မှာ တံတားကြီးအနေနဲ့ ပေပင်တံတားရယ် သက္ကယ်ချောင်းတံတားရယ် တံတားနှစ်စင်းရှိပါတယ်။ ဒီတံတားကြီးတွေရဲ့ ခံနိုင်ဝန်ကို တံတားထိပ်တွေမှာ စိုက်ထူကြေညာထားပါတယ်။ သံမဏိ သံပေါင်တံတားတွေလဲ ဖြစ်ပါတယ်။ လမ်းအနေနဲ့ကတော့ ၁၈ ပေအကျယ်ကတ္တရာလမ်း ဖြစ်ပါတယ်။ ပွင့်လင်းရာသီမှာ ဆောက်လုပ်ရေးဌာနက သတ်မှတ်ဝန်ရိုးအတိုင်း သွားလို့ရပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးအောင်မျိုးဦးက ပြောကြားသည်။

ငပုတောမြို့နယ် တူးမြောင်းရွာဘက်ကမ်းနှင့် မြောင်းမြမြို့နယ် ညောင်ချောင်းလေးရွာဘက်ကမ်းတို့ကို ဆက်သွယ်ထားသော ပမ္မ၀တီမြစ်အား ဖြတ်ကူးသည့် “တူးမြောင်း-ညောင်ချောင်းလေး” ဇက်ဆိပ်သစ် ဖြစ်ကြောင်း၊ ပုသိမ်မှ လပွတ္တာခရီးတွင် ကိုးမိုင်ကျော်လျော့ချနိုင်မည်ဖြစ်ကြောင်း သိရသည်။



နီလာစိုး (ပုသိမ်)
Eleven Media Group


0 comments:

Post a Comment