Wednesday, April 25, 2018

ရိုက်တာအမှု၏ တရားလိုပြသက်သေ ဒုရဲမှူးမိုးရန်နိုင်ကို မယုံကြည်ထိုက်သည့်သက်သေအဖြစ် အစိုးရရှေ့နေလျှောက်လဲ


ရိုက်တာသတင်းထောက် နှစ်ဦးကို ရဲတပ်ဖွဲ့က ထောင်ချောက်ဆင်ဖမ်းခဲ့သည်ဟု ထွက်ဆိုသည့် တရားလိုပြသက်သေ ဒုရဲမှူး မိုးရန်နိုင်ကို မယုံကြည်ထိုက်သောသက်သေအဖြစ် ကြေညာပေးရန် အစိုးရရှေ့နေက ဧပြီလ ၂၅ ရက်ရုံးချိန်းတွင် တရားရုံးသို့ လျှောက်လဲချက်တင်ခဲ့သည်။ 

ယင်းနေ့တွင်ပင် သတင်းထောက်များ၏ ရှေ့နေဘက်ကလည်း အဆိုပါ လျှောက်လဲချက်ကို ကန့်ကွက်ကြောင်း လျှောက်လဲချက်တင်ခဲ့ကြောင်း သတင်းထောက်များ၏ ရှေ့နေ 
ဦးခင်မောင်ဇော်က ပြောကြားသည်။

ရိုက်တာသတင်းထောက်များကို ဧပြီလ၂၅ ရက် မြောက်ပိုင်းခရိုင် တရားရုံးချိန်းတွင် ရုံးထုတ်စစ်ဆေးခဲ့စဉ် ထိုသို့ နှစ်ဖက်ရှေ့နေများက အသီးသီး လျှောက်လဲချက်များ တင်ခဲ့ခြင်းဖြစ်သည်။

“ဒီနေ့ ရုံးချိန်းမှာ ဒုရဲမှူးကြီး ရဲမိုးနိုင်ကို မယုံကြည်ထိုက်တဲ့ သက်သေအဖြစ် ကြေညာပေးဖို့ လျှောက်လဲချက်တင်တဲ့အပေါ် စွပ်စွဲခံရသူဘက်က ကန့်ကွက်ကြောင်း လျှောက်လဲချက်တင်ခဲ့တယ်။ လာမယ့်ရုံးချိန်းမှာ တရားသူကြီးက အမိန့်ချမယ်”ဟု သတင်းထောက်များ၏ရှေ့နေ ဦးခင်မောင်ဇော်ကဆိုသည်။

လာမည့် ရုံးချိန်းကို မေလ ၂ ရက် နေ့သို့ ထပ်မံ ချိန်းဆိုခဲ့ပြီး အစိုးရရှေ့နေ လျှောက်လဲချက်ကို တရားရုံးက အမိန့်ချမှတ်ရန်ရှိကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

ထိုအပြင် အင်းဒင်သတင်းနှင့်ပတ်သက်၍ ရိုက်တာသတင်းထောက် နှစ်ယောက်က သတင်းကို ငွေပေးဝယ်၍ ပြန်လည်ရောင်းချသည်ဆိုသော လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည့် စွပ်စွဲချက်များနှင့်ပတ်သက်၍ သတင်းထောက် ကိုဝလုံးက “ကျွန်တော်တို့နဲ့ပတ်သက်ပြီး အပြင်မှာ ဝေဖန်မှုတွေရှိတာကို မိသားစုကတစ်ဆင့် သိခဲ့ရတယ်။ သတင်းထောက် ဘဝတစ်လျှောက်မှာ ကျင့်ဝတ်နဲ့အညီ ဆောင်ရွက်ခဲ့တာပါ။ အမှန်တရားက မကြာခင်မှာ ပေါ်လာပါလိမ့်မယ်။ ဖမ်းဆီးခံရတဲ့ ရဲမှူးမိုးရန်နိုင်နဲ့ တပ်ကြပ်ကြီး ခင်မောင်လင်းကိုလည်း အမြန်ဆုံး လွှတ်ပေးစေချင်တယ်။ သူတို့က အပြစ်မရှိဘူး”ဟုဆိုသည်။

ထိုအပြင် ယနေ့ရုံးချိန်တွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ အဖွဲ့ဝင်နှစ်ဦးက တရားခွင်အတွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှု ရှိ၊ မရှိကို စောင့်ကြည့်ရန် စေလွှတ်ခဲ့ကြောင်း ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောကြားသည်။ 

“တရားရုံးမှာ တရားခွင် စစ်ဆေးနေတာကို လူ့အခွင့်အရေး ရူထောင့်ကကြည့်တာပါ။ တကယ်လို့ လူ့အခွင့်အရေး ထိခိုက်နစ်နာမှု ရှိလာရင်တော့ ထကန့်ကွက်မှာပါ” ၎င်းကဆိုသည်။

The Voice

0 comments:

Post a Comment