Wednesday, April 25, 2018

ထိန်ပင်သုသာန် အနီးရှိ အမှိုက်ပုံ မီးလောင်ကျွမ်းမှုအား ငါးရက်မြောက်သည်အထိ မီးသတ်တပ်ဖွဲ့ဝင်များ ကြိုးစား ငြှိမ်းသတ်နေသော်လည်း အပြီးသတ် ထိန်းချုပ်ငြှိမ်းသတ်နိုင်ခြင်း မရှိသေး


ဧပြီ ၂၁ ရက်မှစ၍ လောင်ကျွမ်းခဲ့သည့် ထိန်ပင်သုသာန်အနီးရှိ အမှိုက်ပုံ မီးလောင်ကျွမ်းမှုအား ငါးရက်မြောက်သည်အထိ မီးသတ်တပ်ဖွဲ့ဝင်များ ကြိုးစား ငြှိမ်းသတ်နေသော်လည်း အပြီးသတ် ထိန်းချုပ်ငြှိမ်းသတ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ထိန်ပင်သုသာန် အနီးရှိ အမှိုက်ပုံ မီးလောင်ကျွမ်းမှု တတိယမြောက်နေ့နှင့် ငါးရက်မြောက်နေ့များတွင် မီးလောင်ကျွမ်းမှု သတင်းရယူခဲ့သည့် Eleven Media Group မှ အကြီးတန်းသတင်းထောက် တစ်ဦး၏ မျက်မြင်တွေ့ရှိ သတင်းရယူမှုများအရ မီးလောင်ကျွမ်းမှုမှာ တတိယမြောက်နေ့ထက် ငါးရက်မြောက်နေ့တွင် ပိုမိုဆိုးရွားလာကာ မီးခိုးများမှာလည်း ပိုမိုပျံ့နှံ့လာကြောင်း သိရသည်။

“အစ်ကို စပြီးတော့ သတင်းလာယူတာ မီးလောင်ပြီး သုံးရက်မြောက်နေ့။ အဲဒီနေ့တုန်းကတောင် အခု အစ်ကိုတို့ ရောက်နေတဲ့ နေရာတစ်ဝိုက်ကို မီးမလောင်သေးဘူး။ လောင်တဲ့ဘက်က လာတဲ့ မီးခိုးတွေပဲ ရှိတာ။ အခုဒီနေ့ ငါးရက်မြောက်နေ့ ကျတော့ ဒီနေရာက မြင်တဲ့အတိုင်း မီးတွေလောင်နေပြီ။ မီးခိုးတွေကလည်း တအားပဲ” ဟု မီးလောင်မှု မြင်ကွင်းကို ပြောကြားသည်။

မြန်မာနိုင်ငံ အရန်မီးသတ် တပ်ဖွဲ့မှ ဒုတပ်ရင်းမှူး တစ်ဦးက “ကျွန်တော်တို့ ဒီနေ့ ငြှိမ်းနေတာက တပ်ဖွဲ့ဝင် အရန်တပ်ဖွဲ့ဝင်တွေပါအပါ သုံးရာနီးပါးလောက်တော့ ရှိမယ်။ မီးကတော့ တော်တော်တော့ ကျသွားပါပြီ။ တပ်မတော်ကလည်း လာကူနေတယ်လေ။ မီးကတော့ တော်တော် ကျသွားပေမယ့် အောက်မှက လောင်စာတွေက အများကြီးဆိုတော့ ကျွန်တော်တို့ ကြိုးစားနေပါတယ်”ဟု ပြောကြားသည်။

ထိန်ပင်သုသာန်အနီးရှိ အမှိုက်ပုံ မီးလောင်ကျွမ်းမှုမှာ ဧပြီ ၂၅ ရက်တွင် ငါးရက်မြောက် ရှိပြီဖြစ်ပြီး မီးလောင်ကျွမ်းမှုမှာ လေတိုက်ခတ်မှုနှင့် အတူ ဧက ၃၀၀ ခန့်ရှိသည့် အမှိုက်ပုံ ဧရိယာ၏ နေရာအတော်များများကို မီးကူးစက် လောင်ကျွမ်းလျက် ရှိသည်။ ထိုသို့ မီးကူးစက် လောင်ကျွမ်းရာတွင် လောင်ကျွမ်းသည့် လောင်စာများမှာ ပလတ်စတစ်နှင့် စွန့်ပစ်ပစ္စည်း အမှိုက်များသောကြာင့် မီးလောင်ကျွမ်းမှုမှ မီးခိုးများစွာ ထွက်ရှိလျက်ရှိပြီး လေတိုက်ခတ်သည့် အချိန်နှင့် တိုက်ဆိုင်ပါက မီးငြှိမ်းသတ်နေသည့် မီးသတ်တပ်ဖွဲ့များနှင့် အနီးတွင် ရှိသူများအတွက် အသက်ရှူကြပ်ခြင်း အပါအ၀င် အန္တရာယ် ဖြစ်စေနိုင်သည့်အတွက် မီးသတ်တပ်ဖွဲ့များက အထူးသတိထား ငြှိမ်းသတ်လျက် ရှိသည်ကို တွေ့ရသည်။

ထို့ပြင် မီးလောင်ကျွမ်းမှု ဖြစ်ပွားနေသည့် လှိုင်သာယာမြို့နယ်၊ ထိန်ပင်သုသာန်အနီးရှိ အမှိုက်ပုံသို့ လာရာ လမ်းတစ်လျှောက်ရှိ မြို့နယ်များ၏ ကောင်းကင်တွင် မီးခိုးငွေ့များ ပျံ့နှံ့နေသည်ကို တွေ့ရပြီး နီးစပ်ရာ မြို့နယ်တချို့တွင် မီးခိုးညှော်နံ့များ ပျံ့နှံ့လျက်ရှိကြောင်း သိရသည်။

မီးလောင်ကျွမ်းမှုကို ထိန်းချုပ်နိုင်ရန်အတွက် မီးသတ်တပ်ဖွဲ့ဝင်များ အထူးကြိုးစား ငြှိမ်းသတ်လျက်ရှိပြီး ဧပြီ ၂၄ ရက် ညနေမှ စတင်၍ တပ်မတော်သားများက မီးငြှိမ်းသတ်ရာတွင် ကူညီငြှိမ်းသတ်ပေးလျက် ရှိကြောင်း သိရသည်။ ထို့အတူ မြန်မာနိုင် ကြက်ခြေနီအဖွဲ့မှ အဖွဲ့ဝင်များ၊ ပရဟိတအသင်းများ၊ ပြည်သူများက မီးငြှိမ်းသတ်နေသည့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် အခြားသော တာဝန်ရှိသူများအတွက် ရေများ၊ မီးခိုးငွေ့ကာရန်အတွက် မျက်နှာဖုံးများ၊ ဆေးဝါးများ၊ အအေးများ၊ အစားအသောက်များ အပါအ၀င် လိုအပ်သည့် အကူအညီများကို တက်ကြွစွာ ကူညီဆောင်ရွက်ပေးနေသည်ကို တွေ့ရသည်။

■ မီးလောင်မှုနှင့် ဆက်စပ်၍ မီးခိုးများကြောင့် မူလ ရောဂါအခံရှိသူ လေးဦး သေဆုံးကြောင်း ကနဦး သတင်းများအရ သိရ

ထိန်ပင်သုသာန် အနီးရှိ အမှိုက်ပုံ မီးလောင်ကျွမ်းသဖြင့် ထွက်ပေါ်လာသော မီးခိုးများကို ရှူရှိုက်မိခြင်းကြောင့် ပတ်ဝန်းကျင် ရပ်ကွက်များမှ မူလ ရောဂါအခံရှိသူ လေးဦး သေဆုံးခဲ့ကြောင်း ၂၀ ရပ်ကွက်အပိုင်လေး ရာအိမ်မှူး ဦးအောင်မျိုးဦးက ပြောကြားသည်။

“သတင်းရတာတော့ သေဆုံးတဲ့သူက လေးဦး။ ကျွန်တော်တို့ ရပ်ကွက်က ဒီမနက် သေတာ တစ်ဦး ကျန်တဲ့ သုံးဦးက ရပ်ကွက် အတိအကျတော့ မသိသေးဘူး။ ရောဂါအခံတော့ ရှိတာပေါ့။ မီးခိုးရှူလိုက်လို့ သေတဲ့ ပုံစံမျိုးတွေပေါ့။ အရင် ရောဂါခံတော့ ရှိတာပေါ့။ သေတဲ့လူတွေ အသက်အရွယ်ကတော့ ၆၀ ၀န်းကျင်ပေါ့။ အမျိုးသမီး သုံးဦး၊ အမျိုးသား တစ်ဦးပါ” ဟု ၂၀ ရပ်ကွက်အပိုင်းလေး ရာအိမ်မှူး ဦးအောင်မျိုးဦးက ပြောကြားသည်။

သို့ရာတွင် ၂၀ ရပ်ကွက်မှ သေဆုံးသွားသည့် အမျိုးသမီးမှာ မီးခိုးငွေ့ကြောင့် မဟုတ်ဘဲ နဂိုရောဂါအခံကြောင့် သေဆုံးမှု ဖြစ်ကြောင်းလည်း ပြောဆိုမှုများ ရှိသည်။ အဆိုပါ သေဆုံးသွားသူများသည် အမှိုက်ပုံ မီးလောင်ကျွမ်းမှုမှ ထွက်ပေါ်လာသည့် မီးခိုးငွေ့နှင့် တိုက်ရိုက် သက်ဆိုင်ခြင်း ရှိ မရှိကိုမူ ကျန်းမာရေးဝန်ကြီးဌာနနှင့် တာဝန်ရှိသူများက တစ်စုံတရာ ပြောကြားထားခြင်း မရှိပေ။

ထို့ပြင် မီးလောင်ကျွမ်းမှုမှ ထွက်ပေါ်လာသည့် မီးခိုးများကြောင့် ပတ်ဝန်းကျင် ရပ်ကွက်များရှိ ပြည်သူများတွင် ကျန်းမာရေး ပြဿနာများ ဖြစ်ပေါ်လျက်ရှိပြီး လှိုင်သာယာဆေးရုံနှင့် အင်းစိန်ဆေးရုံများသို့ တင်ပို့ ကုသရသူများမှာ မီးလောင်ကျွမ်းမှု ငါးရက်အတွင်း ၁၈ ဦး ရှိကြောင်း လှိုင်သာယာမြို့နယ်၂၀ ရပ်ကွက်တွင် ကယ်ဆယ်ရေးစခန်း ဖွင့်ထားသည့် မဇ္ဈိမ လူမှုကယ်ဆယ်ရေးအသင်း တာဝန်ခံ ကိုမင်းမင်း၏ ပြောကြားမှုအရ သိရသည်။

■ လှိုင်သာယာ ထိန်ပင်အမှိုက်ပုံ မီးလောင်မှုအား ရာခိုင်နှုန်း ၈၀ ခန့် ထိန်းနိုင်ပြီ ဖြစ်ပြီး မီးငြှိမ်းသတ်ရန်အပြင် မီးခိုးများ ငြှိမ်းသတ်နိုင်ရန် Bio Foam နည်းပညာသုံးပြီး ဆောင်ရွက်မည်

လှိုင်သာယာ ထိန်ပင်အမှိုက်ပုံ မီးလောင်မှုအား ရာခိုင်နှုန်း ၈၀ ခန့် ထိန်းနိုင်ပြီဖြစ်ပြီး မီးငြှိမ်းသတ်ရန်အပြင် မီးခိုးများ ငြှိမ်းသတ်နိုင်ရန် Bio Foam နည်းပညာသုံးပြီး ဆောင်ရွက်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဧပြီ ၂၅ ရက် နံနက်ပိုင်းတွင် ပြုလုပ်သည့် ထိန်ပင်အမှိုက်ပုံ မီးအမြန်ငြှိမ်းသတ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က သတင်းထုတ်ပြန်သည်။

ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်က “အရေးအကြီးဆုံး လိုအပ်တာက လုံခြုံရေးပိုင်းဆိုင်ရာ ဆောင်ရွက်ဖို့ရယ်၊ ကျန်းမာရေးကိစ္စ ၀န်ဆောင်မှုပေးနိုင်ဖို့ရယ်၊ မီးလောင်နေတဲ့ အမှိုက်ပုံကို မီးကူးစက်မှု မရှိစေရေးက ပထမအဆင့်၊ ဒုတိယအဆင့်က အပြီးသတ် မီးငြှိမ်းသတ်ရေးနဲ့ မီးခိုးပျောက်သွားဖို့ ဖြစ်ပါတယ်။ အခု ကျွန်တော်တို့ ရောက်နေတဲ့အဆင့်က မီးမကူးစက်ရေးကိုတော့ ထိန်းနိုင်ပြီ၊ မီးငြှိမ်းသတ်ရေးကို ရာခိုင်နှုန်း ၈၀ လောက် ထိန်းနိုင်ပြီ၊ မထိန်းနိုင်သေးတာ မီးခိုးဖြစ်ပါတယ်။ မီးခိုးကို နည်းပညာပိုင်းဆိုင်ရာနဲ့ ထပ်ပြီး ဆောင်ရွက်နိုင်ဖို့ Bio Foam သုံးမယ်ဆိုတဲ့ အစီအစဉ် ဆောင်ရွက်ထားတယ်။ အခု မှာယူထားတယ်၊ ဒါက ၃၆ နာရီအတွင်း ရောက်လာနိုင်ဖို့ တွန်းအားပေး ဆောင်ရွက်နေပါတယ်၊ ဒါက မီးငြှိမ်းသတ်ရေးနဲ့ မီးခိုးပါအပြီး ငြှိမ်းသွားနိုင်ဖို့ ဖြစ်ပါတယ်။ လတ်တလော ဖြစ်နေတဲ့ နေရာက ပတ်ဝန်းကျင်မှာ လေထုညစ်ညမ်းသွားတဲ့ အခြေအနေရှိပါတယ်။ လေထု ညစ်ညမ်းသွားတဲ့ အခြေအနေပေါ်မှာ မူတည်ပြီး လေထုညစ်ညမ်းမှု ကိစ္စကတော့ လတ်တလောမှာ နိုင်ငံတကာမှာပဲဖြစ်ဖြစ် ကျွန်တော်တို့ ဆောင်ရွက်နိုင်တဲ့ နယ်ပယ်ရဲ့အပြင်မှာ ရောက်နေတယ်။ ဒီအပိုင်းကိုတော့ ကျန်းမာရေး ၀န်ဆောင်မှုနဲ့ပဲ ကျားကန်ရမှာ ဖြစ်ပါတယ်။ ဒီတော့ ဘယ်လိုပုံစံမျိုးနဲ့ နေထိုင်သင့်တယ် ဆိုတာကို ကျန်းမာရေးဝန်ကြီးဌာနကနေ ထုတ်ပြန်ပေးဖို့ လိုပါတယ်။ ဒီနေရာမှာ နေထိုင်နေတဲ့ သူတွေက ဘယ်လိုနေထိုင်မှု ပုံသဏ္ဍာန်နဲ့ နေထိုင်ရမယ်ဆိုတဲ့ အခြေအနေကို အများပြည်သူကို အသိပေးရမှာ ဖြစ်ပါတယ်”ဟု ပြောကြားသည်။

ထို့အတူ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက Bio Foam နည်းပညာအား ဂျပန်နိုင်ငံနှင့် ပြင်သစ်နိုင်ငံတို့တွင် အသုံးပြုနေပြီး လက်ရှိတွင် ထိုင်းနိုင်ငံမှ မှာယူထားကြောင်း Bio Foam ဂါလန် ၅၀၀၀ ခန့် လိုအပ်သော်လည်း ဂါလန် ၁၈၀၀ သာ ရရှိမည် ဖြစ်ကြောင်း၊ ရေနှင့် ငြှိမ်းသတ်ပြီးပါက ရေနှင့် Bio Foam တွဲ၍ ငြှိမ်းသတ်မည် ဖြစ်ကြောင်း ပြောကြားကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ရန်ကုန်မြို့တော်ဝန်က “ငြှိမ်းသတ်တဲ့ အပိုင်းမှာလည်း နှစ်ပိုင်းပေါ့လေ။ တစ်ခုက ရေနဲ့ ငြှိမ်းသတ်ပြီတော့ နောက်ရေနဲ့ Bio Foam နဲ့ တွဲပြီးတော့ ငြှိမ်းသတ်မယ်ပေါ့။ ရေကတော့ ကျွန်တော်တို့ Source ကနေ Direct လွှတ်ပြီးတော့ ကန်ထဲကို အမှိုက်တွေ စိုသွားအောင် စိုသွားတော့ Gas ထွက်တာ နဲနဲ နည်းသွားအောင်လို့ပေါ့။ လောင်နေတဲ့ အပိုင်းကျတော့ ပြန်ပြီးတော့ အောက်စီဂျင်ကို ဖျက်တဲ့အနေနဲ့ Bio Foam နဲ့ သုံးမှာပါ၊ နောက် ကျန်းမာရေးစောင့်ရှောက်မှု အနေနဲ့ လူမှုရေးဝန်ကြီးရယ်၊ တိုင်းကျန်းမာရေးဦးစီးရယ်၊ နောက် YCDC ကျန်းမာရေးဌာနတွေနဲ့ ပေါင်းပြီးတော့ ရက်ကွက်တွေရော ဆေးရုံတွေမှာရော ဆေးရုံကတော့ Stand by ထားပြီးတော့ ရပ်ကွက်တွေမှာတော့ ကျွန်တော်တို့ စောင့်ရှောက်မှု လုပ်ငန်းတွေ လုပ်နေပါတယ်၊ အန္တရာယ်တော့ တော်တော်များပါတယ်။ တော်တော်လဲ ပင်ပန်းကျပါတယ်။ ပြည်သူလူထုတွေလည်း ခံစားရမယ်ဆိုတာ သိပါတယ်”ဟု ပြောကြားသည်။

လှိုင်သာယာ ထိန်ပင်အမှိုက်ပုံ မီးလောင်မှုအား မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် ဆည်မြောင်းဦးစီးဌာနတို့က မီးငြှိမ်းသတ်ရေး ဆောင်ရွက်လျှက်ရှိပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ တပ်မတော်သားများ ပါဝင်၍ ကူညီ မီးငြှိမ်းသတ်လျက်ရှိကြောင်း မြို့တော်ဝန်က ပြောကြားသည်။

ဧက ၃၀၀ ခန့်ရှိ သော အမှိုက်ပုံသည် ဧပြီ ၂၁ ရက် မွန်းတည့် ၁၂ နာရီခွဲက စတင်၍ လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း၊ စတင်မီးလောင်ရာတွင် မီးသတ်ယာဉ် ၁၂ စီး၊ မီးသတ်ရေသယ်ယာဉ် ၁၂ စီး၊ မီးသတ်တပ်ဖွဲ့ဝင်များ သန္ဓေနှင့် အရန်မီးသတ်အဖွဲ့ဝင် စုစုပေါင်း ၁၅၀ ဖြင့် မီးငြှိမ်းသတ်ခဲ့ပြီး ဧက ၁၀၀ နီးပါး လောင်ကျွမ်းသောကြောင့် မီးခိုးများ အဆမတန် ထွက်ရှိလျက်ရှိကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

■ Bio Foam မှာယူခြင်းအတွက် ကုန်ကျစရိတ် အသေးစိတ်ကို မသိသေးသော်လည်း ကုန်ကျစရိတ်အတွက် ပြည်ထောင်စုအစိုးရက တာဝန်ယူမည်

Bio Foam မှာယူခြင်းအတွက် ကုန်ကျစရိတ် အသေးစိတ်ကို မသိသေးသော်လည်း ကုန်ကျစရိတ်အတွက် ပြည်ထောင်စုအစိုးရက တာဝန်ယူမည်ဖြစ်ပြီး မြ၀တီလမ်းကြောင်းမှ တစ်ဆင့် တင်သွင်းမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဒေါ်သန်းမြင့်အောင်က ဧပြီ ၂၅ ရက်တွင် ပြောကြားသည်။

အဆိုပါ ထိန်ပင်သုသာန်အနီးရှိ အမှိုက်ပုံ မီးလောင်မှုကြောင့် လိုအပ်လာပါက မီးခိုးငွေ့လွတ်ရာတွင် ယာယီ ဘေးကင်းစင်တာအဖြစ် လုပ်ဆောင်ရန်အတွက် ရပ်ကွက်အတွင်းရှိ အိမ်ထောင်စုများမှ နှလုံးရောဂါ အခံရှိသူ၊ ကိုယ်ခံအားနည်းသူ၊ ပန်းနာရင်ကျပ်ရှိသူ၊ သက်ကြီးရွယ်အိုများနှင့် ကျန်းမာရေး မကောင်းသူများ စာရင်းကို ရပ်ကွက်အုပ်ချုပ်ရေးနှင့် လွှတ်တော် ကိုယ်စားလှယ်များက စာရင်းကောက်ယူနေကြောင်း ဒေါ်သန်းမြင့်အောင်က ပြောကြားသည်။

“တစ်ဖက်က မီးခိုးငွေ့တွေ ရပ်သွားအောင် မီးကို မြန်မြန်ငြိမ်းအောင် လုပ်နေသလို တစ်ဖက်ကလည်း ဆေးရုံတင်ဖို့ လိုအပ်လာတယ်ဆိုရင် အဆင်သင့် ပြင်ထားပါတယ်။ ရပ်ကွက်ထဲမှာလည်း အုပ်ချုပ်ရေးမှူးတွေနဲ့ ကိုယ်စားလှယ်တွေနဲ့က အိမ်ထောင်စုတွေထဲမှာ နှလုံးရောဂါ အခံရှိတဲ့သူ ကိုယ်ခံအားနည်းတဲ့သူ ပန်းနာရင်ကျပ် ရှိတဲ့သူ၊ သက်ကြီးရွယ်အို ကျန်းမာရေး မကောင်းတဲ့သူတွေကို စာရင်းကောက်နေတယ်။ မီးခိုငွေ့နဲ့ လွတ်တဲ့နေရာ ကို ယာယီဘေးကင်းစင်တာ ဖြစ်ဖြစ် လုပ်ဖို့ စိတ်ကူးနေပါတယ်”ဟု ဒေါ်သန်းမြင့်အောင် က ပြောကြားသည်။

■ မီးခိုးငွေ့ကြောင့် ကျန်းမာရေးပြဿနာ ဖြစ်ပွားသည့် လူနာများအား ဆေးရုံများနှင့် ကျန်းမာရေးဌာနများတွင် ကုသပေးနိုင်ရန် ကြိုတင်ပြင်ဆင်ထား

ဆေးရုံများနှင့် ကျန်းမာရေးဌာနများတွင် မီးခိုးငွေ့ကြောင့် ကျန်းမာရေးပြဿနာ ဖြစ်ပွားသည့် လူနာများအား ကုသမှုပေးနိုင်ရေးအတွက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ထားကြောင်း ဧပြီ ၂၅ ရက်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန် ကြေညာခဲ့ကြောင်း သိရသည်။

မီးလောင်ကျွမ်းမှု အခြေအနေများနှင့် မီးလောင်ကျွမ်းမှုကြောင့် ထွက်ပေါ်လာသည့် မီးခိုးငွေ့များကြောင့် ပြည်သူလူထု ကျန်းမာရေး ထိခိုက်နိုင်မှု အခြေအနေများအား သိရှိနိုင်ရန်နှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ဧပြီ ၂၄ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ လူမှုရေးဝန်ကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ဒုတိယတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ လုပ်ငန်းခွင်နှင့် ပတ်ဝန်းကျင် ကျန်းမာရေးဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး၊ လှိုင်သာယာမြို့နယ်၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး၊ ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ အထူးရောဂါနှိမ်နင်းရေး အဖွဲ့ခေါင်းဆောင် ဆရာဝန်နှင့် တာဝန်ရှိသူများသည် ဖြစ်စဉ်ဖြစ်ပွားရာ နေရာများသို့ ကွင်းဆင်း၍ ဒေသဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံညှိနှိုင်း ဆောင်ရွက်ခဲ့ပြီး ကျန်းမာရေးဌာနများနှင့် ယာယီဆေးခန်း ဖွင့်လှစ်ထားရှိရာ နေရာများသို့ သွားရောက်၍ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လိုအပ်သည်များကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဧပြီ ၂၄ ရက် မွန်းလွဲပိုင်းက မီးလောင်ကျွမ်းမှုကြောင့် ထွက်ပေါ်လာသည့် မီးခိုးငွေ့များကြောင့် ပြည်သူလူထု ကျန်းမာရေး ထိခိုက်နိုင်မှုကို လျှော့ချနိုင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် မီးခိုးငွေ့များကြောင့် ကျန်းမာရေးပြဿနာများ ဖြစ်ပွားပါက အချိန်နှင့် တစ်ပြေးညီ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်နှင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် နှီးနွှယ် ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ နှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်နိုင်ရန်အတွက် “ထိန်ပင်အမှိုက်ပုံ မီးလောင်မှုဖြစ်စဉ် နောက်ဆက်တွဲ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး” ကို ပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

လက်ရှိ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ လှိုင်သာယာမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများသည် မီးလောင်ပြင်နှင့် နီးစပ်သော လှိုင်သာယာမြို့နယ်ရှိ ကျုံစုအလယ်ရွာ၊ ရွှေလင်ပန်းကျေးရွာ၊ ၂၂/အလယ်ရွာ၊ ကံလှကျေးရွာ၊ ၂၀ ရပ်ကွက်နှင့် ၁၈ ရပ်ကွက်တို့တွင် ဧပြီ ၂၃ ရက်မှစ၍ ကျန်းမာရေး စောင့်ရှောက်မှုကို ယာယီဆေးခန်းများ ဖွင့်လှစ်၍ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း နှင့် ဧပြီ ၂၄ ရက် မွန်းလွဲ ၂ နာရီအထိ မီးခိုးငွေ့မွှန်၍ အသက်ရှူကျပ်ခြင်းကြောင့် လှိုင်သာယာမြို့နယ် ဆေးရုံကြီးတွင် တက်ရောက် ကုသမှုခံယူသူ လူနာ ၁၃ ဦးနှင့် ပြင်ပလူနာ သုံးဦးရှိကြောင်း သိရသည်။

■ ထိန်ပင်အမှိုက်ပုံ မီးလောင်မှုနှင့် ပတ်သက်၍ လေထုညစ်ညမ်းမှုကို တိုင်းတာရာတွင် အသက်ရှူလမ်းကြောင်းအား ထိခိုက်စေသည့် ဓာတ်ငွေ့များ စစ်ဆေးတွေ့ရှိဟုဆို

ထိန်ပင်အမှိုက်ပုံ မီးလောင်မှုနှင့် ပတ်သက်ပြီး လေထုညစ်ညမ်းမှုကို တိုင်းတာရာတွင် အသက်ရှူလမ်းကြောင်းအား ထိခိုက်စေသည့် ဓာတ်ငွေ့များ စစ်ဆေးတွေ့ရှိခဲ့ကြောင်း လေထုညစ်ညမ်းမှုကို တိုင်းတာခဲ့သည့် စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ကိုစအောင်သက်ဦးက ပြောကြားသည်။

“ကျွန်တော်တို့ ဧပြီ ၂၄ ရက်မှာ တိုင်းတယ်။ အဓိကကတော့ ကျွန်တော်တို့ တိုင်းတဲ့နေရာနဲ့ လောင်တဲ့အမှိုက်ပုံက နီးတယ်။ အခြားလေလာရာ အရပ်တွေကတော့ ဒီလောက်ဆိုးချင်မှ ဆိုးမှာပေါ့၊ ကာဗွန်မိုနောက်ဆိုက်ကတော့ အသက်ရှူလမ်းကြောင်းကို ဖြစ်စေတာပေါ့။ အဓိကက မရှူမိရင် အကောင်းဆုံးပေါ့။ တိုင်းတာ တွေ့ရှိချက် အနေအထားမှာ လေကြောင်းက ကျွန်တော်တို့ တိုင်းတာတဲ့အချိန်မှာပဲ ပြောင်းလဲမှုတွေ ဖြစ်နေတာပေါ့။ ဒီဓာတ်ငွေ့တွေ မရှူမိအောင် ဆိုရင်တော့ အကာအကွယ်တွေ တတ်ထားဖို့ လိုတယ်” ဟု ကိုစအောင်သက်ဦးကပြောကြားသည်။

အကာအကွယ် အနေဖြင့် နေ့အချိန်တွင် အမှုန်အမွှားနှင့် ဂက်စ်များ မ၀င်နိုင်သည့် နှာခေါင်းစည်းများ တပ်ထားသင့်ကြောင်း၊ ညအချိန်တွင် ပြတင်းပေါက် ဖွင့်အိပ်ပြီး လေ၀င်လေထွက် ကောင်းသည့်နေရာတွင် အိပ်သင့်ကြောင်း၊ လူအိပ်နေချိန်တွင် မီးလောင်မှုများပြီး မီးခိုးကြောင့် အောက်စီဂျင်ပြတ်လတ်မှုများ ဖြစ်ပွားနိုင်ကြောင်း ၎င်းကဆိုသည်။

“မီသိန်းကတော့ မီးလောင်မှုကို အားပေးတဲ့ ဓာတ်ငွေ့ပေါ့။ အမိုးနီးယားကတော့ သိပ်မထွက်ဘူး။ ရေဒီယိုသတ္တုကြွကလည်း ပုံမှန်အနေအထားမှာပဲ ရှိတယ်။ မနေ့က တိုင်းတာမှု အမြင့်ဆုံးကတော့ နိုက်ထရိုဂျင် ဒိုင်အောက်ဆိုက်၊ ဆာလဖာဒိုင်အောက်ဆိုက်၊ အမှုန်အမွှား (Particular Matter) တွေကို အများဆုံးတွေ့ရတယ်။ အနားက လူတွေနေလို့ရတဲ့ အခြေအနေက နာရီဝက် ၄၅ မိနစ်လောက် လေလမ်းကြောင်းက ပြောင်းနေတဲ့အတွက်ကြောင့် ဖြစ်တယ်။ အနီးနား နေတဲ့သူတွေကတော့ ဂရုစိုက်သင့်တယ်။ နေ့အချိန်မှာကျတော့ သတိထားမိတော့ လေဆိုးရှူမိတယ်။ မရှူမိဘူး သိတယ်။ ညအချိန်မှာ အခန်းတံခါး ပိတ်မိလို့ လေပမာဏ များများဝင်ပြီး အောက်ဆီဂျင်ပြတ်လတ်လို့ရှိရင် အန္တရာယ်ရှိနိုင်တဲ့အထဲမှာ ရှိတယ်။ ညအချိန်မှာ သတိနဲ့နေဖို့ ပြတင်းပေါက်တွေကိုလည်း ဖွင့်အိပ်ဖို့လိုတယ်” ဟု ကိုစအောင်သက်ဦးက ပြောကြားသည်။

“ဖြစ်မယ်ဆိုတာ သိလျက်နဲ့ အမှိုက်က ဒီလောက် ဧကကြီးကြီး ပုံနေရတာလဲ။ အဲဒီ ပတ်ဝန်းကျင်လည်း ရေတွေလည်း ညစ်ညမ်းတယ်။ အလုပ်တစ်ခုကို မြန်မြန်လုပ်ပါ၊ တရုတ်ပြည်မှာလည်း လေ့လာတယ်။ ကိုရီးယားမှာလည်း လေ့လာတယ်။ အမှိုက်ကနေ လျှပ်စစ်ထုတ်တာကို ရွှေပြည်သာက အမှိုက်ကနေ လျှပ်စစ်ထုတ်တာ တစ်နေ့တန် ၆၀ ကို မီးရှို့ပြီးရင် ပြာငါးတန်ပဲ ရကြတယ်။ အဲဒီပြာက စိုက်ပျိုးရေးတွေ ဘာတွေမှာ သုံးနိုင်တယ်။ ရန်ကုန်မှာ အမှိုက်ကို အဲဒီလိုပုံထားတာ စနစ်မကျဘူး။ အဲဒီလို မဖြစ်သင့်တော့ဘူး။ ရေရှည်စီမံကိန်းကိုဆွဲမှာ ပြောတော့ ပြောနေတယ်။ ဘယ်ဟာကြီး လုပ်မယ်။ ဘာကြီး လုပ်မယ်။ ကောင်းတယ် မကောင်းဘူး မဟုတ်ဘူး။ လေထဲမှာ ဖြစ်နေတယ်။ လက်တွေ့အကောင်အထည်ဖော်ပါတော့။ ကိုယ်စားလှယ်တွေအနေနဲ့ ဒေါသထွက်နေပြီ ဒီအမှိုက်ပုံကြီးကို သင်ခန်းစာယူပါ” ဟု လှိုင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက ပြောကြားသည်။

လှိုင်သာယာမြို့နယ်ရှိ ထိန်ပင်သုသာန်အနီး အမှိုက်ပုံ မီးလောင်ရာမှ ပျံ့နှံ့နေသော မီးခိုးငွေ့များနှင့် ပတ်သက်ပြီး နှလုံး၊ အသက်ရှူလမ်းကြောင်းနှင့် အဆုတ်ရောဂါ ရှိသူများ၊ သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များတွင် ပြင်းထန်သော ရောဂါလက္ခဏာများ ဖြစ်ပေါ်နိုင်ကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဧပြီ ၂၄ ရက်တွင် သတိပေးနှိုးဆော်ချက် ထုတ်ပြန်သည်။

■ လှိုင်သာယာမြို့နယ် ထိန်ပင်အမှိုက်ပုံ မီးလောင်မှုအား ငြှိမ်းသတ်နေသည့် မီးသတ်သမားများအတွက် ရေသန့်နှင့် အားဖြည့်အချိုရည်များ လိုအပ်

လှိုင်သာယာမြို့နယ် ထိန်ပင်အမှိုက်ပုံ မီးလောင်မှုအား မီးငြှိမ်းသတ်နေသည့် မီးသတ်သမားများအတွက် ရေသန့်နှင့် အားဖြည့်အချိုရည်များ လိုအပ်လျက် ရှိကြောင်း မီးလောင်မှုအား ငြိမ်းသတ်လျက်ရှိသည့် လှိုင်သာယာမြို့နယ် မီးစခန်းမှ ဒုတိယဦးစီးမှူးဖြစ်သူ ဦးရန်နိုင်ဖြိုး ပြောကြားချက်အရ သိရသည်။

“မြေပြင်မှာ ငြှိမ်းသတ်နေတဲ့ မီးသတ်သမားအတွက် အဓိကကတော့ ရေသန့်တို့ အားဖြည့်အချိုရည်တို့ လိုအပ်ပါတယ်။ အပေါ်ကလည်းပူ အောက်ကလည်း ပူတော့ ချွေးတွေက အရမ်းထွက်ပါတယ်။ မီးသတ်သမားတွေက အရမ်းနုံး အရမ်းပင်ပန်းတော့ အားဖြည့်အချိုရည်တို့ ရေသန့်တို့ လိုအပ်နေပါတယ်။ မီးအခြေအနေကတော့ မီးခိုးတွေ တော်တော်များပါတယ်၊ ငြှိမ်းသတ်နေတုန်းပါ” ဟု ဧပြီ ၂၅ ရက် မွန်းလွဲပိုင်းက အမှိုက်ပုံ မီးလောင်မှုကို ငြှိမ်းသတ်နေသည့် လှိုင်သာယာမြို့နယ် မီးသတ်စခန်းမှ ဒုတိယ ဦးစီးမှူး ဦးရန်နိုင်ဖြိုးက ပြောကြားသည်။

မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းနိုင်က “မီးရဲ့ လက်ရှိအခြေအနေက အခုအချိန်အထိ ငြှိမ်းသတ်နေတုန်းပါပဲ။ မီးသတ်သမားတွေ ကတော့ ဂျူတီ အချိန်းအပြောင်းနဲ့ ငြှိမ်းသတ်နေပါတယ်” ဟု ပြောကြားသည်။

မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်သို့ ထိန်ပင်အမှိုက်ပုံ မီးလောင်မှုအား မီးငြှိမ်းသတ်နေသည့် မီးသတ်သမားများအတွက် အလှူရှင်များက အလှူငွေများ၊ Mask များ၊ ဆေးဘူးများ၊ ရေသန့်များ၊ အအေးကတ်များ၊ မုန့်များ၊ အားဖြည့်အချိုရည်များ အသီးသီး လှူဒါန်းလျက်ရှိကြောင်း သိရသည်။

လှိုင်သာယာမြို့နယ်၊ ထိန်ပင်သုသာန် အနီးရှိ အမှိုက်ပုံ မီးလောင်မှုသည့် ဧပြီ ၂၁ ရက် မွန်းလွဲပိုင်းမှ စလောင်ခဲ့ကြောင်း၊ ဧပြီ ၂၅ ရက် ငါးရက်မြောက်နေ့အထိ မီးလောင်မှု ဆက်လက် ဖြစ်ပွားလျက်ရှိကာ မီးလောင်ကျွမ်းမှုကြောင့် မီးခိုးညှော်နံများ ရန်ကုန်မြို့ တစ်မြို့လုံးနီးပါး ပျံ့နှံ့ခဲ့ကြောင်း၊ မီးခိုးညှော်နံ့များ ရှူရှိုက်မိ၍ အသက် ၁၇ မှ ၉၄ ကြား အရွယ် ပါဝင်သော လူနာ ၁၆ ဦး လှိုင်သာယာမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ တက်ရောက် ကုသခဲ့ရကြောင်း သိရသည်။

■ လူကို အန္တရာယ်ဖြစ်စေနိုင်သည့် အက်စစ်မိုး ရွာသွန်းရန် မဖြစ်နိုင်သေးကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပြောကြား

လူကို အန္တရာယ်ဖြစ်စေနိုင်သည့် အက်စစ်မိုး ရွာသွန်းရန် မဖြစ်နိုင်သေးပဲ ထူးခြားသည့် ဖြစ်စဉ်များ ဖြစ်ပေါ်လာပါက အချိန်နှင့်တပြေးညီ ထုတ်ပြန်သွားနိုင်ရန်အတွက် တိုင်းတာမှုများ ပြုလုပ်နေကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဦးကျော်မိုးဦးက ဧပြီ ၂၅ ရက် ညပိုင်းတွင် ပြောကြားသည်။

ဒေါက်တာ ဦးကျော်မိုးဦးက “ အမှိုက်ပုံ မီးလောင်ရာကနေ ဒီ အက်စစ်မိုးဖြစ်စေတဲ့ ဓာတ်ငွေ့တွေ ထွက်လာနိုင်တာကို ကျွန်တော်တို့ မသိဘူးလေ။ အမှိုက်ပုံမှာက ဘာတွေရှိလဲမှ မသိတာကိုး။ ဒါပေမဲ့ အက်စစ်မိုး ဆိုတာက တရုတ်တို့ ထိုင်းတို့ နယ်စပ်တွေက စက်ရုံတွေကနေ ထွက်လာတဲ့ ဆာလဖာဒိုင်အောက်ဆိုက်လို ဓာတ်ငွေ့တွေကနေ ဓာတ်ပြုပြီး ရွာတာလေ။ ရန်ကုန်မှာတော့ အက်စစ်မိုး မရွာနိုင်ပါဘူး။ ဘာဖြစ်လို့ဆို အမှိုက်ပုံ မီးလောင်တာကနေ ထွက်လာတဲ့ မီးခိုးတွေက လေတိုက်လို့ ပါသွားမှာလေ။ ရွာရင်တောင် PH အနည်းငယ်ကျတဲ့ မိုးတွေပဲ ရွာနိုင်ပါတယ်။ အန္တရာယ်ဖြစ်စေလောက်တဲ့ အထိတော့ မြန်မာနိုင်ငံမှာ မဖြစ်ဖူးသေးပါဘူး”ဟု ပြောကြားသည်။

ပြည်သူများအနေဖြင့် စိုးရိမ်မှုများ မြင့်တက်ရန် မလိုကြောင်း၊ ထူးခြားသည့် အခြေအနေများ ဖြစ်ပေါ်ခြင်း ရှိ မရှိကို တိုင်းတာမှုများ လုပ်နေကြောင်း၊ ထူးခြားမှုများ ရှိပါက အချိန်နှင့်တပြေးညီ သတင်းထုတ်ပြန်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဦးကျော်မိုးဦးက ဆက်လက်ပြောကြားသည်။

ထိန်ပင် သုသာန်အနီးရှိ အမှိုက်ပုံတွင် ဧပြီ ၂၁ ရက်မှ စတင်၍ မီးလောင်ကျွမ်းရာမှ ထွက်ပေါ်လာသည့် မီးခိုးများမှာ နီးစပ်ရာ မြို့နယ်များတွင် ပျံ့နှံ့နေခဲ့ကာ အဆိုပါ မီးခိုးငွေ့များကြောင့် မိုးရွာသွန်းသည့်အခါတွင် အက်စစ်မိုးများ ဖြစ်မည်ကို ပြည်သူများက စိုးရိမ်မှုများ ရှိနေသည်။ 

သတင်းအဖွဲ့
Eleven Media Group

0 comments:

Post a Comment