Wednesday, April 25, 2018

ကိုယ်စားလှယ်များ လွှတ်တော်နားချိန်၌ မိမိမဲဆန္ဒနယ်အတွင်း ကွင်းဆင်းဆောင်ရွက်ရန် NLD ပါတီ ပထမဦးဆုံးအကြိမ် ညွှန်ကြား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ (NLD) မှ လွှတ်တော်ကိုယ်စားလှယ်များအနေနှင့် လွှတ်တော်နားချိန်၌ မိမိမဲဆန္ဒနယ်အတွင်း ကွင်းဆင်းဆောင်ရွက်ရန်နှင့် ထိုသို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းအလုပ်အမှုဆောင်အဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်ရန် ပါတီက ဧပြီလ ၂၄ ရက်တွင် ပထမဦးဆုံးအကြိမ် ညွှန်ကြားလိုက်သည်။

အဆိုပါညွှန်ကြားစာကို ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်က ရန်ကုန်မြို့တွင်ပြုလုပ်သည့် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ဆုံးဖြတ်ချက်အရ ညွှန်ကြားခဲ့ခြင်းဖြစ်ပြီး ကွင်းဆင်းဆောင်ရွက်ချက်များကို ပြည်နယ်နှင့် တိုင်းအလုပ်အမှုဆောင်အဖွဲ့သို့ အစီရင်ခံရမည်ဖြစ်ကာ ပြည်နယ်နှင့်တိုင်း အလုပ်အမှုဆောင်များက လေ့လာသုံးသပ်၍ ဗဟိုအလုပ်အမှုဆောင်အဖွဲ့သို့ တင်ပြရမည်ဖြစ်သည်။

“ကွင်းဆင်းဆောင်ရွက်တာကို တချို့ကလည်း လုပ်တယ်။ မလုပ်တဲ့သူလည်း ရှိတာပေါ့။ လုပ်လည်း စနစ်မကျတာတွေရှိနေလို့ ညှိညှိနှိုင်းနှိုင်းစုပေါင်း လုပ်ဆောင်တာမျိုး ဖြစ်စေချင်တာပါ”ဟု ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ရှင်းပြသည်။

လက်ရှိ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၏ လစာမှာ ကျပ်ဆယ်သိန်းဖြစ်ပြီး ပြည်နယ်နှင့် တိုင်းလွှတ်တော်ကိုယ်စားလှယ်များမှာ ကျပ်ငါးသိန်းရရှိသည့်အနက် NLD လွှတ်တော်ကိုယ်စားလှယ်များမှာ ထိုလစာငွေများမှ ရာခိုင်နှုန်းအချို့ကို ပါတီရန်ပုံငွေအဖြစ် ပြန်လည်ပေးအပ်လျက်ရှိခြင်းကြောင့် လက်ရှိကုန်ဈေးနှုန်းနှင့် အသုံးစရိတ်များအရ ကိုယ်စားလှယ်များ၏ လုပ်နိုင်ခွင့်မှာ အကန့်အသတ်များရှိနေကြောင်း လွှတ်တော်လေ့လာသူများက သုံးသပ်ကြသည်။

“ဒါကတော့ အမျိုးမျိုးအမြင်ရှိတာပေါ့။ ကျွန်တော်ကတော့ ကိုယ်စားလှယ်တစ်ယောက်ဖြစ်လာပြီဆိုရင် ဘယ်လို အခက်အခဲမျိုးပဲ ရှိရှိပေါ့နော်၊ မိမိမဲဆန္ဒနယ် ပြည်သူတွေကို ထိတွေ့မှုက ရှိကို ရှိရမယ်။ ဒါမှပဲ ဒီမိုကရေစီက အသက်ဝင်မှာပါ”ဟု NLD ပါတီမှ ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဦးညီညီက ဆိုသည်။

ဒုတိယအကြိမ် လွှတ်တော်သက်တမ်းတွင် NLD ပါတီသည် ရခိုင်ပြည်နယ် လွှတ်တော်နှင့် ရှမ်းပြည်နယ် လွှတ်တော်မှလွဲ၍ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် အပါအဝင် ကျန်ပြည်နယ်နှင့်တိုင်း လွှတ်တော်အသီးသီးတွင် ကိုယ်စားလှယ် အများဆုံး ရွေးချယ်ခံရသည့် ပါတီဖြစ်သည်။

ဝေလင်း
The Voice

0 comments:

Post a Comment