Thursday, April 26, 2018

ထိန်ပင်အမှိုက်ပုံမီးလောင်မှုမှ ထွက်ပေါ်သည့် မီးခိုးငွေ့များ ရှူရှိုက်ရာမှ အမျိုးသမီး ၁ ဦး သေဆုံး၊ ၁၇ ဦး ဆေးကုမှုခံယူနေရ



လှိုင်သာယာမြို့နယ်၊ ထိန်ပင်သုဿန်အနီးရှိ အမှိုက်ပုံမီးလောင်မှုမှ မီးခိုးငွေ့များရှူရှိုက်၍ (၂၀)ရပ်ကွက်နေ ၆၁ နှစ် အရွယ် အမျိုးသမီး ၁ ဦးသေဆုံးခဲ့ပြီး လက်ရှိအချိန်ထိ ၁၇ ဦး ဆေးကုမှုခံယူနေရကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဧပြီလ ၂၅ ရက်၊ မွန်းလွဲ ၁ နာရီခွဲခန့်က လှိုင်သာယာမြို့နယ်၊ (၂၀)ရပ်ကွက်နေ ဒေါ်ခင်နှင်း နွယ်၊ (၆၁)နှစ်သည် ထိန်ပင်စွန့်ပစ် အမှိုက်ပုံ မီးလောင်မှုမှ မီးခိုးငွေ့များရှူရှိုက်၍ သေဆုံးသွားကြောင်း သတင်းအရ သောင်ကြီးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သွားရောက်စုံစမ်းရာ ဧပြီလ ၂၄ ရက်၊ ည ၇ နာရီခန့်က ဒေါ်ခင်နှင်းနွယ်သည် ထိန်ပင်စွန့်ပစ် အမှိုက်ပုံ မီးလောင်မှုမှ မီးခိုးငွေ့များအား ရှူရှိုက်မိ၍ ဧပြီလ ၂၅ ရက်၊ နံနက် ၂ နာရီခန့်တွင် နေအိမ်၌ အောက်ဆီဂျင်ဘူးဖြင့် အသက်ရှူနေစဉ် သေဆုံးသွားကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

၎င်းသည် လွန်ခဲ့သော ၃ နှစ်ခန့်က ပန်းနာရင်ကြပ်နှင့် နှလုံးရောဂါခံစားနေရသူဖြစ်ပြီး လှိုင်သာယာ မြို့နယ် အတွင်းပဒံကျေးရွာရှိ ဖြူစင်မေတ္တာပရဟိတအသင်းမှ အောက်ဆီဂျင်ဘူးများငှားယူ၍ အသက်ရှူနေရသူ ဖြစ်ကြောင်း စစ်ဆေးချက်များအရ သိရသည်။

ထို့အပြင် ပြီးခဲ့သည့်ဧပြီလ ၂၃ ရက်၊ ည ၈ နာရီခွဲခန့်က အဆိုပါအမှိုက်ပုံမှ ထွက်ရှိသော မီးခိုးငွေ့များကြောင့် ရန်ကုန်-ညောင်တုန်းကားလမ်းမှ ထိန်ပင်သုသာန်ဘက်သို့ ဌေးဝင်း၊ (၃၀)နှစ်မောင်းနှင်လာ သည့် EE/---- ပရိုဘောက်အငှားယာဉ်သည် လမ်းဝဲဘက်သို့ ထိုးကျခဲ့သော်လည်း ထိခိုက်မှုမရှိခဲ့ကြောင်း၊ ယင်းနေ့ ည ၉ နာရီခန့်တွင် မီးခိုးငွေ့များကြောင့် အနီးပတ်ဝန်းကျင်နေ မခိုင်ခိုင်ဝင်း၊ (၄၅)နှစ်ပါ ၁၅ ဦးတို့တွင် အသက်ရှု မဝဖြစ်၍ လှိုင်သာယာပြည်သူ့ ဆေးရုံသို့(မစိုးရိမ်ရ)ဖြင့် တက်ရောက်ကုသနေရာ ဧပြီလ ၂၅ ရက်နေ့တွင် မခိုင်ခိုင်ဝင်းပါ ၁၁ ဦးတို့မှာ ဆက်လက်ဆေးကုသမှုခံယူနေပြီး ဦးသန်းအေး၊ (၅၂)နှစ်ပါ ၄ ဦးမှာ ဆေးရုံမှ ဆင်းသွားခဲ့ကြောင်း သိရသည်။

အလားတူ ဧပြီလ ၂၄ ရက်၊ ည ၉ နာရီခန့်က မဆောင်းဟေမာန်နှင်း၊ (၃)နှစ်ပါ ၇ ဦးတို့သည် မီးခိုးငွေ့များ ကြောင့် အသက်ရှူမဝ၍ လှိုင်သာယာဆေးရုံသို့ (မစိုးရိမ်ရ)ဖြင့် ထပ်မံရောက်ရှိလာရာ မဆောင်းဟေမာန်နှင်းပါ ၂ ဦးသည် ဆေးရုံတွင် ဆက်လက်ကုသမှုခံယူစေလျက်ရှိပြီး ဒေါ်မြင်မြင့်စန်း၊ (၅၅)နှစ်ပါ ၅ ဦးမှာ ဆေးကုသမှု ခံယူပြီးနောက် ဆေးရုံမှပြန်ဆင်းခဲ့ကြောင်း သိရသည်။

ယင်းအပြင် ဧပြီလ ၂၅ ရက်၊ နေ့လည် ၃ နာရီခွဲခန့်က ဦးဝင်းမင်း၊ (၅၀)နှစ်ပါ ၆ ဦးတို့မှာ အမှိုက်ပုံမှ မီးခိုးငွေ့များ ရှူရှိုက်မိ၍ (မစိုးရိမ်ရ)ဖြင့် လှိုင်သာယာဆေးရုံသို့ ထပ်မံရောက်ရှိခဲ့ရာ ဦးသန်းညွန့်၊ (၅၉)နှစ်ပါ ၂ ဦးတို့သည် ဆေးရုံမှ ပြန်ဆင်းသွားပြီး ဦးဝင်းမင်းပါ ၄ ဦးတို့မှာ ဆက်လက်ဆေးကုသမှု ခံယူလျက်ရှိပါကြောင်း သိရသည်။

လှိုင်သာယာမြို့နယ်၊ ထိန်ပင်သုဿန်အနီးရှိ အမှိုက်ပုံသည် ဧရိယာစတုရန်းဧက ၃၀၀ ခန့် ကျယ်ဝန်း ပြီး ဧပြီလ ၂၁ ရက်၊ မွန်းလွဲ ၁၂ နာရီခွဲခန့်မှ စတင်လောင်ကျွမ်းခဲ့ရာ ယနေ့(ဧပြီလ ၂၆ ရက်)အထိတိုင် ငြိမ်းသတ် နေရပြီး အဆိုပါမီးခိုးများသည် လေလမ်းကြောင်းအတိုင်း လှိုင်သာယာမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်နှင့် အခြားလေလမ်းကြောင်းသင့်ရာ မြို့နယ်များတွင် မီးခိုးညှော်နံ့များ ထွက်ပေါ်ခဲ့ကြောင်း သိရသည်။




ဓာတ်ပုံ- Myanmar Fire Services Department
နိုင်မင်းလွင်(အကုန်သိ သတင်းဌာန)



0 comments:

Post a Comment