လှိုင်သာယာမြို့နယ်ရှိ ထိန်ပင် စွန့်ပစ်အမှိုက်ပုံ မီးလောင်မှုတွင် မီးငြှိမ်းသတ်နေသော မီးသတ်တပ်ဖွဲ့ဝင် ၁ ဦး ဒဏ်ရာရရှိပြီး မီးခိုးငွေ့များ ရှူရှိုက်မိရာမှ မီးသတ်တပ်ဖွဲ့ဝင် ၁ ဦးနှင့် အရပ်သား ၄ ဦးတို့ ဆေးရုံတက်ကုသမှု ခံယူနေရကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ဧပြီလ ၂၆ ရက်နေ့ တွင် မီးငြှိမ်းသတ်နေသော လှည်းကူးမြို့နယ် မီးသတ်တပ်ဖွဲ့မှ ဒုတပ်ကြပ် အောင်ဖြိုးဝေ (၂၃)နှစ်သည် မီးလောင်နေသည့် အမှိုက်ပုံအတွင်း ခြေကျွံကျခဲ့ရာ ဝဲခြေထောက်/ ယာလက်ခုံ အပူလောင် ဒဏ်ရာများ(မစိုးရိမ်ရ)နှင့် မီးခိုးငွေ့များရှူရှိုက်မိသူ မြောက်ဥက္ကလာပမြို့နယ် အရန်မီးသတ်တပ်ဖွဲ့မှ တပ်သား ညီညီအောင် (၃၆)နှစ်နှင့် ဦးကြီးမောင်(၈၈)နှစ်ပါ ၅ ဦးမှာ အသက်ရှူကျပ်မှု ဖြစ်ပွားခဲ့သဖြင့် လှိုင်သာယာဆေးရုံ၌ ဆေးကုသလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အတူ အမှတ်(၆)ရပ်ကွက်ရှိ အထကခွဲ(၁)တွင် လှိုင်သာယာမြို့နယ် ကျန်းမာရေးဦးစီးမှူး ဒေါက်တာ ခင်ရူပါ ဦးဆောင်သည့် ကျန်းမာရေးဝန်ထမ်းများမှ ယာယီဆေးခန်းဖွင့်လှစ်ပြီး ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ ဧပြီလ ၂၁ ရက်မှ စတင်လောင်ကျွမ်းခဲ့သော လှိုင်သာယာမြို့နယ်ရှိ ထိန်ပင် စွန့်ပစ်အမှိုက်ပုံ မီးလောင်မှုအား ၂၀၁၈ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့ တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ အကူတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များ၊ ရန်ကုန်မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ အမှတ်(၉) လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းမီးငြှိမ်းသတ်လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
The Ladies News
 








 
 
 
 
 
0 comments:
Post a Comment