Wednesday, April 25, 2018

စစ်ကိုင်း-မန္တလေးကားလမ်းပေါ် ကျူးကျော်တဲများကို စည်ပင်ဖယ်ရှား


ချမ်းမြသာစည်မြို့နယ်အတွင်းရှိပြီး စစ်ကိုင်း-မန္တလေးကားလမ်း ဧရာထွန်းတိုက်တန်းအနီးရှိ လမ်းလယ်ကျွန်းပေါ်နှင့် လမ်းဘေးတွင် ကျူးကျော်နေထိုင်သည့်နေအိမ် ၆၅ လုံးကို ဧပြီလ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ ကျူးရှင်းလင်းရေးအဖွဲ့က ရှင်းလင်းဖယ်ရှားခဲ့သည်။ 

လမ်းလယ်ကျွန်းနှင့်လမ်းဘေးတွင် ကျူးကျော်နေထိုင်သူများကိုဖယ်ရှားပေး ရန် ကြိုတင်အကြောင်းကြားထား ပြီးနောက် ဖယ်ရှားခဲ့ခြင်းဖြစ်ပြီး တဲ ၆၅ လုံးခန့်ကို စည်ပင်ဝန်ထမ်းအင်အား ၁၀၀ ခန့်ဖြင့် ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

“ခုဖယ်ရှားခံရသူတွေ နေထိုင်ရေး အဆင်ပြေဖို့အတွက် မြို့တော်ဝန်ကို တင်ပြပေးမှာပါ။ ဘယ်လိုလုပ်ရမယ်ဆိုတာကတော့ ကော်မတီအစည်းအဝေးလုပ်ပြီးမှ ဆုံးဖြတ်နိုင်မယ်။ အခုရှင်းတယ်ဆိုတာကလည်း ခါတိုင်း ကျူးရှင်းလင်းရေးလုပ်တဲ့ပုံစံပါပဲ”ဟု မြို့တော်စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဇောအောင်က ပြောကြားသည်။ 

ဖယ်ရှားခံလိုက်ရသည့်အတွက် နေထိုင်ရေး အခက်အခဲဖြစ်လာနိုင်သောကြောင့် စည်ပင်သာယာရေး ကော်မတီက အကြောင်းကြားစာ ပေးပို့သည့်အချိန်ကတည်းက နိုင်ငံတော် သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် သက်ဆိုင်ရာဌာနများသို့ စာတင်ထားကြောင်း ဖယ်ရှားခံကျူးကျော်များက ပြောဆိုသည်။

“ကျွန်မတို့က ကျောတစ်ခင်းစာပဲ လိုချင်တယ်။ အရင်က ကျွန်မတို့ကို အငှားအိမ်ရာမှာ နေရာချထားပေးမယ်ဆိုပြီး စာရင်းကောက်တယ် တခြားသူတွေတော့ရတယ်။ ကျွန်မတို့ မရတော့ ခုလိုကျူးပြီးနေရတာ။ ဒေါ်အောင်ဆန်းစုကြည်ရော မန္တလေးတိုင်းဝန်ကြီးချုပ်ကိုရော စာပိုထားတယ်။ နေရေးထိုင်ရေး အဆင်ပြေဖို့ပဲ လိုချင်တာပါ”ဟု ကျူးကျော်နေထိုင်သူ ဒေါ်မွန်က ပြောကြားသည်။ 

အဆိုပါနေရာတွင် ကျူးကျော်နေထိုင်သူများသည့် ရပ်ကွက်များအတွင်း နေထိုင်ခဲ့ကြရာမှ ၂၀၁၆ ခုနှစ်ခန့်ကစ၍ လမ်းလယ်ကျွန်းများပေါ်တွင် တက်ရောက်နေထိုင်ခဲ့ကြခြင်းဖြစ်ပြီး ပြီးခဲ့သည့် နှစ်ဆန်းပိုင်းကလည်း စည်ပင်သာယာရေး ကော်မတီက ဖယ်ရှားရှင်းလင်းခဲ့ဖူးသည်။

The Voice

0 comments:

Post a Comment