Wednesday, April 25, 2018

မန္တလေးမြို့ ကမ်းနားလမ်း ဧရာထွန်းတိုက်တန်းအနီး လမ်းဘေး လမ်းလယ်ကျွန်းရှိ ကျူးကျော်တဲ ၆၀ ကျော်အား ဖယ်ရှားရှင်းလင်း


မန္တလေးမြို့ ကမ်းနားလမ်း ဧရာထွန်း တိုက်တန်းအနီး လမ်းဘေးလမ်းလယ်ကျွန်းရှိ ကျူးကျော်တဲ ၆၀ ကျော်အား ဧပြီ ၂၅ ရက်တွင် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက ဖယ်ရှားရှင်းလင်းခဲ့ကြောင်း သိရသည်။

“ခြောက်လမ်းသွားစီမံကိန်းနဲ့ မဆိုင်ပါဘူး။ လမ်းလယ်ကျွန်းနဲ့ လမ်းဘေးတွေမှာ တဲထိုးနေမှုတွေကြောင့် ယာဉ်အန္တရာယ်ဖြစ်စေတာရယ် ဧရာထွန်းတိုက်တန်းမှာ နေထိုင်တဲ့သူတွေက လမ်းဘေးကျုးကျော်နေထိုင်သူတွေက အပေါ့အလေး စည်းကမ်းမဲ့စွန့်ခြင်းတွေကို တိုင်ကြားလာလို့ ခုလိုဖယ်ရှားရခြင်း ဖြစ်ပါတယ်။ သုံးရက်ကြိုတင် အကြောင်းကြားခဲ့ပါတယ်။ ကျူးကျော်တဲ ၆၀ ကျော်ရှင်းလင်း ဖယ်ရှားခဲ့ပါတယ်” ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဇောအောင်က ပြောကြားသည်။

ကျူးကျော်တဲများ ရှင်းလင်းဖယ်ရှားမှုအား မန္တလေးမြို့တော်စည်ပင်သာယာရေးဝန်ထမ်းများမှ လုပ်ဆောင်ခဲ့ပြီး မန္တလေး ခရိုင်ရဲတပ်ဖွဲ့မှ လုံခြုံရေးရယူကာ ရှင်းလင်းဖယ်ရှားခဲ့သော လမ်းလယ်ကျွန်းနေရာများအား ကျူးကျော်နေထိုင်ခြင်းမရှိစေရန် သံဆူး ကြိုး ကာရံခြင်းများကို ပြုလုပ်ခဲ့ကြောင်း၊ ကျူးကျော်နေထိုင်သူများ ၎င်းတို့ ရွှေ့ပြောင်းလိုသည့် နေရာများသို့ စည်ပင်သာယာယာဉ်များဖြင့် ပို့ဆောင်ပေးခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။

“အစက ကားလမ်းအနောက်ဘက်နေတာ။ မနှစ်က ခြောက်လမ်းသွားစီမံကိန်းဆိုပြီး ဖယ်ခိုင်းတော့ လမ်းလယ်ကျွန်းတက်နေရတာ။ ဒီနေ့မနက် ၉ နာရီကစပြီး တဲတွေကိုဖျက်ပြီး ဖယ်ရှားခဲ့တယ်။ ဒီနေရာမှာနေထိုင်လာတာ ဧရာထွန်းတိုက်တန်း မဆောက်ခင်ကတည်းကနေလာတာ နှစ် ၃၀ ကျော်ပြီ။ ခုနေစရာမရှိလို့ လွတ်တဲ့နေရာလေးတွေကို ရွှေ့ပေးပါပြောတာ သူတို့ပေးစရာနေရာ မရှိဘူးလို့ပြောပါတယ်။ ကျွန်မတို့ဒုက္ခရောက်နေပါပြီ” ဟု လမ်းလယ်ကျွန်းတွင် တဲဆောက်နေထိုင်သူ ဒေါ်စိန်ဌေးက ပြောကြားသည်။

၂၀၁၇ ခုနှစ် ဇူလိုင် ၃၀ ရက်ကလည်း ကမ်းနားလမ်း ရွှေလှံဗိုလ်ဘုရားမှ ရွှေလှံဗိုလ်ပန်းခြံထိ မန္တလေးမြို့မြို့ပတ် ကမ်းနားလမ်းအဆင့်မြှင့်တင် ဆောင်ရွက်ခြင်းစီမံကိန်းအတွက် ချမ်းမြသာစည်မြို့နယ် ဧရာထွန်းရပ်ကွက် အနောက်ဘက်မြို့ပတ်ကမ်းနားလမ်းဘေးရှိ ကျူးကျော်တဲများအား ဖယ်ရှားရှင်းလင်းမှုများ ပြုလုပ်နေကြောင်း သိရသည်။

အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းမှ မန္တလေးမြို့ပတ်ကမ်းနားလမ်းအား လေးလမ်းသွားလမ်းမမှ ခြောက်လမ်းသွားလမ်းမအဖြစ် ကုမ္ပဏီ၏ကုန်ကျစရိတ်ဖြင့် အဆင့်မြှင့်တင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မန္တလေးမြို့ တော်စည်ပင်သာယာရေးကော်မတီသို့ အမရပူရ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းမှ အမှတ်(၂)ရေဆိုးထုတ် စက်ရုံအဆင့်မြှင့်တင်လှူဒါန်းပွဲ၌ အမရပူမြို့ပြဖွံ့ဖြိုးရေးစီမံကိန်း (MBC – CD) ကုမ္ပဏီမှ ပြန်ကြားရေးတာဝန်ခံ ဦးဇော်ရဲဝင်းက ပြောကြားထားသည်။




ရန်ပိုင်
Eleven Media Group

0 comments:

Post a Comment