Wednesday, April 25, 2018

ထိန်ပင်အမှိုက်ပုံ မီးလောင်ပြင် ဘယ်အသွင်ရှိသလဲ


ရန်ကုန်တိုင်း၊ လှိုင်သာယာ၊ ထိန်ပင်အမှိုက်ပုံမီး ၅ ရက်မြောက်နေ့မှာ ဒီဗွီဘီ ဝက်ဘ်ဆိုက်အဖွဲ့သားတွေဟာ မီးလောင်နေတဲ့ နေရာအထိ သွားရောက် သတင်းရယူခဲ့ကြပါတယ်။

မီးလောင်ပြင်ကို သွားတဲ့လမ်းမှာ မီးသတ်ဌာနက မီးသတ်ကား၊ ရေသယ်ကားတွေအပြင် တပ်မတော်က ရေသယ်ကား၊ မီးသတ်ကားတွေပါ လွန်းပျံသွားလာနေကြတာ တွေ့မြင်ရပါတယ်။

မီးလောင်နေတဲ့ အမှိုက်ပုံနဲ့ ကားလမ်းတခုခြားတဲ့ တဖက်ခြမ်း မလှမ်းမကမ်းမှာ ရေကန်တွေ တွေ့မြင်ရပြီး အလားတူ ရေကန်တွေ အဲဒီနေရာနားမှာ ၃ ကန်လောက် ရှိတယ်လို့ သိရတယ်။

အဲဒီကန်တွေက ရေတွေကို ရေစုပ်စက်တွေနဲ့ စုပ်တင်ပြီး မီးသတ်ကားတွေဆီထည့်၊ မီးငြှိမ်းသတ်နေကြသလို ရေသယ်ယာဉ်တွေနဲ့ သယ်လာတဲ့ ရေတွေနဲ့လည်း မီးငြှိမ်းသတ်နေကြပါတယ်။

မီးလောင်ပြင်ကိုလာရာ တခုတည်းသော လမ်းပေါ်မှာတော့ မီးသတ်ကား၊ ရေသယ်ကားတွေနဲ့ တန်းတူ ဝင်ထွက်သွားလာနေတဲ့ ကားတွေကတော့ အလှူရှင်ကားတွေပဲ ဖြစ်တယ်။

မီးလောင်ပြင်ဘက်ခြမ်းမှာတော့ မီးလောင်ပြင်ကို ရေပက်ဖျန်းနေတဲ့ မီးသတ်ကားတွေကို မီးခိုးတွေကြားမှာ မှုန်ဝါးဝါးပဲ မြင်ရတယ်။

မီးလောင်ပြင်ကို ဖြတ်သန်းတိုက်ခတ်လာတဲ့ လေကြမ်းကြမ်းတွေကြားမှာ အမှိုက်တွေလွင့်ပါပြီး မြင်ကွင်းတခုလုံးက မှုန်ဝါးပြီး ပူပြင်းလှတယ်။

မီးခိုးမှုန်တွေက ဘေးဘယ်ညာ လွင့်ပါနေကြသလို မိုးပေါ်ထောင်တက်သွားတဲ့ မီးခိုးမှုန်တွေကတော့ အများစုဖြစ်တယ်။

မီးလောင်ပြင်ထဲက မီးငြှိမ်းသတ်ပြီး ထွက်ခွာလာတဲ့ မီးသတ်ကားတွေ၊ မီးငြှိမ်းသတ်ဖို့ မီးလောင်ပြင်ထဲ မောင်းဝင်သွားတဲ့ မီးသတ်ကားတွေ၊ မီးသတ်သမားတွေနဲ့ ထိန်ပင်အမှိုက်ပုံတဝိုက် လှုပ်ရှားသက်ဝင်နေတယ်။

မီးသတ်ပြီး ပြန်ထွက်လာကြတဲ့ မီးသတ်သမားတွေ ကြည့်ရတာ ဖုန်အလိမ်းလိမ်းနဲ့ အင်မတန် ပင်ပန်းနွမ်းနယ်နေကြပုံ ပေါ်ပါတယ်။

မီးလောင်ပြင်ထဲက နှေးကွေးလေးလံတဲ့ ခြေလှမ်းတွေနဲ့ ခြေကျင်လျှောက်ပြီး ထွက်လာတဲ့ ထန်းတပင်မြို့နယ်၊ မီးသတ်တပ်ဖွဲ့က ဆရာကြီးစောထွန်းအောင်က သူတို့ ခက်ခက်ခဲခဲ မီးငြှိမ်းသတ်နေရပုံကို ပြောပြတယ်။

“မီးလောင်နေတဲ့ အလယ်ကောင်မှာ ကျနော်တို့က တာဝန်ကျနေတာ။ အခုက လူချိန်းတာ။ ၄ ယောက်တတွဲ ချိန်းရတာ။ ကြာတော့ မခံနိုင်ဘူး။ ၂ နာရီလောက် အချိန်ကုန်တယ်။ ကျန်တဲ့လူကတော့ ခဏနားပေါ့။ ညနေစောင်းရင်တော့ ပိုပြီးတော့ပူတယ်။ ၅ နာရီခွဲ၊ ၆ နာရီလောက်ဆို တအားအသက်ရှူကျပ်တယ်။ ၆ နာရီလောက်ဆို ကားတစီးနဲ့ တစီးက မမြင်ရဘူး။ ဆိုင်ကယ်သွားတာကအစ သိပ်အဆင်မပြေတော့ဘူး။ ညနေပိုင်းကျတော့ လေကငြိမ်ပြီး အထဲမှာ အုံ့မှိုင်းနေတာ။”

မီးက သူတို့ ရှေ့ကသတ်၊ နောက်က လှိုက်ပြီး လောင်နေတာလို့လည်း ပြောတယ်။

မီးငြှိမ်းသတ်နေတဲ့ ထိန်ပင်အမှိုက်ပုံဝင်းထဲ ဝင်လိုက်ပြီး မီးလောင်ပြင်နဲ့ မလှမ်းမကမ်းကို လျှောက်တော့ ရေသယ်ယာဉ်တစီးပေါ်မှာ ထိုင်နေတဲ့ မီးသတ်သမား လူငယ်လေးတဦးကို တွေ့တယ်။

သူကတော့ မီးသတ်ပိုက်တွေ အပျက်အစီးများကြောင်း ပြောပြတယ်။

“ကျနော်တို့က မီးသတ်ပြီး ရှေ့တိုးဝင်ပြီး ဆက်ပက်ပြီး ငြှိမ်းတာပေါ့။ နောက်မှာ လှိုက်လောင်နေတဲ့ မီးက မီးသတ်ပိုက်တွေကိုပါ လောင်ကုန်တာလေ။”

သူက ရေသယ်ကားပေါ်မှာရှိတဲ့ အလှူရှင်တွေ ပို့ထားတဲ့ အစားအသောက်တွေ စားသောက်သွားဖို့ ပြောနေသေးတယ်။

မလှမ်းမကမ်းမှာလည်း အလှူရှင်တချို့ဟာ မီးသတ်ကားတွေအနား ရောက်အောင်သွားပြီး အစားအသောက်တွေနဲ့ ဆေး၊ ကွမ်းထုပ်တွေ လိုက်ကမ်းပေးနေကြတာ မြင်ရတယ်။

မီးခိုးကပြင်း၊ အနားမှာ လောင်နေတဲ့ လောင်စာအနံ့တွေက မခံသာတာနဲ့ မီးလောင်ပြင်နဲ့ လှမ်းတဲ့ ကားလမ်းပေါ် ပြန်တက်လာခဲ့ကြတယ်။

ကားလမ်းတဖက်ခြမ်းမှာတော့ လှိုင်သာယာက ကြက်ခြေနီမဏ္ဍပ်ကို တွေ့ရပြီး အဲဒီနားတဝိုက် တောင်ပုံရာပုံ ပုံထားတဲ့ ရေသန့်ဘူးတွေ၊ အချိုရည်ဘူးတွေ တွေ့ရတယ်။

မဏ္ဍပ်နားမှာ အလှူရှင်ကားတွေက တစီးပြီးတစီး ထိုးဆိုက်ဝင်လာပြီး များသောအားဖြင့်တော့ ရေသန့်ဘူးနဲ့ အချိုရည်ဘူးမျိုးစုံ အားဖြည့်ရေမျိုးစုံတို့ကို လာလှူနေကြတာ တွေ့ရတယ်။

လှိုင်သာယာမြို့နယ် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ တပ်ခွဲမှူး ဇင်မင်းအောင်က “ဒီမှာ ပြည်သူလူထုက စေတနာနဲ့ လာလှူဒါန်းတာတွေကို ကျနော်တို့က မီးလောင်ပြင်ထဲမှာ ကြိုးစားပမ်းစားလုပ်နေတဲ့ မီးသတ်သမားတွေဆီကို အစားအသောက်တွေ ရောက်အောင်လို့ ပြန်ပြီး ဝေဖြန့် ပို့ဆောင်ပေးတဲ့အဖွဲ့ပါ။ လုံလောက်မှုရှိပါတယ်။ ပိုလျှံပါတယ်။ လာလှူပေးတဲ့သူတွေကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်။ မီးသတ်အင်အား ၃၀၀ ကျော်လောက် ရှိပါတယ်။ ရေနဲ့ ဓာတ်ဆားထုပ်တွေ၊ Mask တွေ၊ အချိုရည်တွေ၊ Energy Drink တွေ၊ ငှက်ပျောသီးတွေ၊ အားရှိစာတွေ၊ ပေါင်မုန့်တွေ၊ မုန့်ခြောက်တွေ အစုံပေးပါတယ်။ ပြည်သူလူထုက လာလှူသမျှ ကျနော်တို့အားလုံးကို ဝေပေးနေပါတယ်။ ကျနော်တို့ လုပ်ပေးနေတာ သုံးရက်ကျော် လေးရက်ဝန်းကျင် ဖြစ်သွားပါပြီ။ ဖြစ်တာကတော့ ဒီနေ့ပါဆို ၅ ရက်ရှိသွားပါပြီ။ ပထမနေ့ကတည်းကလည်း ရေသန့်တွေ စလှူပါတယ်။ အများဆုံးကတော့ ရန်ကုန်တိုင်းတတိုင်းလုံးကလိုလို လာလှူကြပါတယ်။”

ယူနီဖောင်းဆင်တူနဲ့ ဆန်လာလှူနေကြတဲ့ အုပ်စုနားရောက်သွားတော့ ဧရာဝတီ ဖောင်ဒေးရှင်းအုပ်စု ဖြစ်နေပြီး သူတို့ကတော့ လိုအပ်တာ လာလှူနေကြတာ ဖြစ်တယ်။

ဧရာဝတီဖောင်ဒေးရှင်းမှ ဦးဘုန်းမြင့်မော်က “ဧရာဝတီဖောင်ဒေးရှင်းက လာလှူတာပါ။ မီးသတ်တဲ့ ရဲဘော်တွေနဲ့ ဝိုင်းဝန်းမီးငြှိမ်းနေတဲ့ စေတနာရှင်တွေ၊ တခြားအဖွဲ့အစည်းတွေ အကုန်လုံးကို စေတနာနဲ့၊ သူတို့လည်း ပင်ပန်းတယ်။ အဲဒီအတွက် လိုအပ်တဲ့ အစားအသောက်တွေ အဆင်ပြေအောင် လာရောက်လှူဒါန်းတာ ဖြစ်ပါတယ်။ လောလောဆယ် ဆန်အိတ် ၃၀၊ အာလူး၊ ကြက်သွန်၊ ဆီတို့ ပါပါတယ်။ အုပ်ချုပ်ရေးလူကြီးတွေနဲ့ ကျနော်တို့လူကြီးတွေ ဆက်သွယ်ကြပြီး ကျနော်တို့အဖွဲ့တွေက နောက်ကလိုက်ပြီး ပစ္စည်းတွေ ဒီမှာလာလှူဒါန်းတာပေါ့။ ကျနော်တို့လူကြီးတွေကတော့ မနက်ကတည်းက ရောက်ပြီးတော့ ဒီမှာရှိတဲ့ လူကြီးတွေနဲ့ ဘာတွေလိုအပ်မလဲ၊ ဘာတွေ လှူဒါန်းရမလဲဆိုတာ မေးမြန်းပြီး လှူဒါန်းတာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

အနားမှာ စည်ပင်ဝန်ထမ်းအိမ်ရာ လေးလုံးတွဲ အခန်းလေးတွေ တွေ့ရပြီး ထမင်း ဟင်း ချက်နေကြတဲ့သူတွေလည်း တွေ့ရတယ်။

လုပ်အားပေးလူငယ်တွေ၊ အလှူရှင်တွေနဲ့ ပျားပန်းခပ်မျှ လှုပ်ရှားသက်ဝင်နေတဲ့ မီးလောင်ပြင်တဖက်ခြမ်းကနေ တခုတည်းသော ကားလမ်းပေါ် ပြန်တက်လိုက်တော့ ကားလမ်းပေါ်မှာ မီးသားစုလိုက် ကိုယ်တိုင်ကိုယ်ကျ လာလှူ လာကူနေကြတဲ့ သူတွေကိုလည်း တွေ့ရတယ်။

ကားလမ်းပေါ် ဖြတ်သန်းမောင်းနှင်နေတဲ့ မီးသတ်ကားတွေပေါ်က တပ်မတော်သားတွေ၊ မီးသတ်သမားတွေကို အချိုရည်ဘူးတွေ၊ ရေသန့်ဘူးတွေ အစားအစာတွေ လှမ်းဝေနေကြတယ်။

“လှိုင်မြို့နယ်က လာလှူတာပါ။ ကိုယ်ချင်းစာတယ်လေ၊ ကျမတို့ အရိပ်ထဲမှာတောင် ဒီလောက်ပူပြင်းတာ၊ သူတို့ခမျာ မီးလောင်ပြင်မှာ မီးငြှိမ်းသတ်ပေးနေရတာလေ၊ ကိုယ်ချင်းစာပြီး သနားလို့ လာလှူတာပါ။”

လာလှူတဲ့သူတွေနဲ့ လှူတဲ့သူတွေရဲ့ အစားအသောက်တွေကို ဒီ့ထက်ပိုပြီး စနစ်တကျနဲ့ သေသေသပ်သပ်ဖြစ်အောင် စီမံခန့်ခွဲပေးမယ့်အဖွဲ့တော့ မတွေ့ခဲ့ရဘူး။

ထိန်ပင်အမှိုက်ပုံ မီးလောင်ပြင် အနီးနားတဝိုက်မှာ တပ်မတော်၊ မီးသတ်၊ ထွေအုပ်၊ လူကယ်ပြန် စတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ သုတ်သုတ် သုတ်သုတ်နဲ့ လှုပ်ရှား သွားလာနေကြတာ မြင်ခဲ့ရတယ်။

ရန်ကုန်မြို့ထဲအပြန် လှိုင်သာယာလမ်းပေါ်မှာတော့ ပုံမှန်သွားလာနေကြသူတွေ တွေ့ရပြီး မြို့ထဲမှာ မီးခိုးမှုန်တွေနဲ့ မှိုင်းမှုန်မနေတာလည်း သတိထားမိတယ်။

ဧပြီလ ၂၄ ရက် ညပိုင်းမှာ ထိန်ပင်အမှိုက်ပုံမီးက ထွက်လာတဲ့ မီးခိုးနံ့တွေကြောင့် မြို့လယ်မှာ နေတဲ့သူတွေ အပါအဝင် ရန်ကုန်တိုင်း၊ မြို့နယ်အတော်များများက ပြည်သူလူထုတွေ အထိတ်တလန့် ဖြစ်ခဲ့ကြတာ ပြန်ပြေးမြင်မိလိုက်တယ်။

ဒီတုန်းက မီးလောင်နေတဲ့ လှိုင်သာယာမြို့နယ်ထဲမှာတော့ မီးခိုးလှိုင်းတွေ ရိုက်ခတ်ပြီး တမြို့နယ်လုံး မီးခိုးဖုံးနေရောပေါ့ဆိုတဲ့ အတွေးလည်း အခုတော့ ပျောက်တယ်။

အပြန်လမ်း လှိုင်သာယာမြို့နယ်ထဲက လမ်းဆုံတနေရာမှာ မီးသတ်ကားကြီးတစီး လမ်းလယ်မှာ ပျက်နေလို့ ပြင်ဆင်နေတာလည်း တွေ့ခဲ့ရတယ်။

တဆက်တည်း ထန်းတပင်က မီးသတ်သမား စောထွန်းအောင် ပြောတဲ့ မီးခိုးက မိုးပေါ်တက်သွားတာ ဆိုတဲ့စကားနဲ့ ညနေပိုင်းဆို မီးလောင်တာ အဆိုးဆုံးဆိုတဲ့ စကားကိုလည်း ပြန်ကြားယောင်မိလိုက်တယ်။

သတင်းတွေအရတော့ ထိန်ပင် အမှိုက်ပုံမီးကြောင့် အနီးနားရပ်ကွက်နေ ပြည်သူ ၁၃ ဦးလောက် ဆေးရုံရောက်ပြီး ဆေးကုသမှု ခံယူနေရလို့ သိရတယ်။

ခုချိန်ထိတော့ လူအသေအပျောက် ရှိတယ်လို့ မကြားရသေးဘူး။

မီးသတ်ဆရာကြီး စောထွန်းအောင်ကတော့ အမှိုက်ပုံမီး အခြေအနေကို ခုလို အသိပေး ပြောသွားပါတယ်။

“ကျနော်တို့အမြင်ကတော့ နောက်ထပ် ၃ ရက်လောက်ကို ပြင်းပြင်းထန်ထန် ထပ်လုပ်ရဦးမယ်လို့ ထင်တယ်။ မီးသတ်အင်အား ၃၀၀ လောက်ရှိတယ်။ ရန်ကုန်တိုင်း တတိုင်းလုံးက မီးသတ်တွေ အကုန်လုံး ဒီကိုပဲ ရောက်နေတာ။”

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဟာ အမှိုက်ပုံမီးလောင်ပြီး ၅ ရက်မြောက်နေ့မှာ မီးလောင်ပြင်ကို ရောက်သွားပြီး လှိုင်သာယာ ထိန်ပင်အမှိုက်ပုံ မီးလောင်မှုကို ၈၀ ရာခိုင်နှုန်းခန့် ထိန်းနိုင်ပြီ ဖြစ်တယ်၊ မီးငြှိမ်းရေးအပြင် မီးခိုးများပါ ငြှိမ်းသတ်နိုင်ရန် နည်းပညာ (Bio Foam) သုံးပြီး ဆောင်ရွက်မယ်လို့ မီဒီယာကို ပြောတယ်။

မီးငြှိမ်းသတ်တဲ့အပိုင်းနဲ့ ထောက်ကူပေးတဲ့အပိုင်းမှာ စနစ်တကျဖြစ်အောင် အဖွဲ့တွေ ဖွဲ့ပြီး လုပ်မယ်လို့လည်း ဆိုတယ်။

ထိန်ပင်အမှိုက်ပုံမီးကတော့ အစိုးရသစ်လက်ထက် ပြောစမှတ်ဖြစ်ပြီး ဒီမီးကို အကြောင်းပြုလို့  အမှိုက်ပုံ မီးအရေးဟာ နောင်မှာ တိုင်းအစိုးရတရပ်အနေနဲ့ အလေးထား လုပ်ဆောင်စရာ ဖြစ်မယ်။

DVB

0 comments:

Post a Comment