Thursday, April 26, 2018

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ကို ၂၀၁၉ ခုနှစ်၌ အပြီးရိုက်ကူးမည်ဖြစ်ပြီး၂၀၂၀ ပြည့်နှစ်တွင် ရုံတင်ပြသနိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား


ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင်ကို ၂၀၁၉ ခုနှစ်၌အပြီးရိုက်ကူးမည်ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်တွင် စတင်ရုံတင်ပြသနိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ပြောကြားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းဖော်ပြချက်အရ သိရသည်။

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ရိုက်ကူးထုတ်လုပ်ရေးလုပ်ငန်း ကော်မတီ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် အောင်ဆန်းရုပ်ရှင်ရိုက်ကူး ထုတ်လုပ်ပြသနိုင်ရေး ဒုတိယအကြိမ် အလှူငွေပေးအပ်ပွဲကို ဧပြီ ၂၄ ရက် မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ၌ ကျင်းပခဲ့ပြီး ယင်းပွဲတွင် ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက အထက်ပါအတိုင်း အမှာစကားထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီးက အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင်သည် မြန်မာနိုင်ငံ၏သမိုင်းလည်းဖြစ်ပြီး တပ်မတော်၏ သမိုင်းလည်းဖြစ်ကြောင်း၊ ယင်းလုပ်ငန်းကို လုပ်ကိုင်ခွင့်ရခြင်းသည် အလွန်ပင် ဂုဏ်ယူဖွယ်ရာကောင်းသည့်၊ တန်ဖိုးထားဖွယ်ရာကောင်းသည့် အမျိုးသားရေး လုပ်ငန်းတာဝန်ကြီးတစ်ခုကို ထမ်းရွက်ရသည်ဟု ခံယူကြောင်း၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ရိုက်ကူးရန် ဇာတ်ညွှန်းကို သမိုင်းနှင့် ကိုက်ညီမှုရှိစေရန်အတွက် မြန်မာသမိုင်း ပညာရှင်အဖွဲ့က ပညာရှင်ကြီးများ စုံညီစွာ တက်ရောက်ကြကြောင်း၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ဇာတ်ညွှန်းရေးသားခြင်းကို ဇွန်လအပြီး ရေးသားပြီး ပဉ္စမအကြိမ် အစည်းအဝေးတွင် တင်ပြမည်ဖြစ်ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိရုပ်ရှင်ကို ၂၀၁၉ ခုနှစ်၌ အပြီးရိုက်ကူးမည်ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်တွင် စတင်ရုံတင်ပြသနိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း၊ ထို့ကြောင့် ယင်းလုပ်ငန်းကြီး အဆင့်အတန်းမြင့်မြင့်နှင့် အောင်မြင်ပြီးမြောက်ရန် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဌာနဆိုင်ရာများ နှင့်ညှိနှိုင်းပြီး ကြိုးပမ်းသွားမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် ယင်းနေ့ပွဲတွင် အလှူရှင်များက ဗိုလ်ချုပ်ရုပ်ရှင် ရိုက်ကူးနိုင်ရန် ရန်ပုံငွေအဖြစ် စုစုပေါင်း ကျပ်သိန်း ၇၄၀ ကို ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုထံ ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

နေမျိုးဝင်း
Eleven Media Group

0 comments:

Post a Comment