Thursday, April 26, 2018

ထိန်ပင်အမှိုက်ပုံမီး ၃၆ နာရီအတွင်း အပြီးငြှိမ်းသတ်နိုင်ရေးတွန်းအားပေး ဆောင်ရွက်သွားမည်ဟု ဦးဖြိုးမင်းသိန်းပြော၊ ထိုင်းနိုင်ငံမှ Bio Foam များ မှာယူထား


ထိန်ပင်အမှိုက်ပုံမီးလောင်နေမှုကို မိုးရွာသလို ရေကိုသုံး၍ မီးငြှိမ်းသတ်သွားမည်ဟု ဧပြီ ၂၅ ရက်က လှိုင်သာယာမြို့နယ် ပြည်သူ့ဆေးရုံတွင် ပြုလုပ်သောအစည်းအဝေး၌ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့သည်။

ထိန်ပင်အမှိုက်ပုံသက်တမ်းသည် နှစ် ၂၀ ကျော်ရှိပြီးဖြစ်ပြီး ဧပြီ ၂၀ ရက် နေ့ခင်းဘက်ကစတင်၍ မီးစတင်လောင်ခဲ့ခြင်းဖြစ်ကာ မီးခိုးများလှိုင်သာယာတမြို့လုံးသို့ ပျံ့နှံ့လျက်ရှိသောကြောင့် တပ်မတော်သား များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များစုပေါင်း၍ ငြှိမ်းသက်လျက်ရှိကြောင်း သိရသည်။

''မီးငြှိမ်းသတ်တဲ့အပိုင်းမှာလည်း ၂ ပိုင်းပေါ့နော်။ အခုက ရေနဲ့ငြှိမ်းသတ်မယ်။ ပြီးတော့ ရေနဲ့ Bio Foam နဲ့ တွဲပြီးတော့ ငြှိမ်းသတ်မယ်ပေါ့။ ရေကတော့ ကျွန်တော်တို့ Source ကနေ Direct လွှတ်ပြီးတော့ ကန်ထဲကို အမှိုက်တွေစိုသွာအောင် စိုသွားတော့ Gas ထွက်တာနည်းသွားအောင်လို့ပေါ့။ မီးက မိုးရွာမှငြှိမ်းမယ်ဆိုတဲ့ အတွက် မိုးရွာသလိုမီးငြှိမ်းသတ်မှာပါ''ဟု ရန်ကုန် တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

အဆိုပါမီးလောင်မှုကြောင့် ဧပြီ ၂၀ ရက်မှ ဧပြီ ၂၅ ရက်ထိ ၅ ရက်အတွင်း လှိုင်သာယာပြည်သူ့ဆေးရုံသို့ အတွင်းလူ နာ ၁၅ ယောက်ရောက်ရှိလာပြီး တဦးကို ရန်ကုန်ဆေးရုံကြီးသို့ လွှဲပြောင်းပေးခဲ့ကြောင်း၊ ၃ ယောက်သည် ကျန်းမာရေးပြန်ကောင်း၍ ဆေးရုံမှဆင်းသွားကြောင်း၊ တဦးမှာ သေဆုံးသွားခဲ့ပြီး သေဆုံးသူမှာ အစကတည်းက နှလုံး၊ အဆုတ်ရောဂါရှိနေ သူဖြစ်၍ အင်းစိန်ဆေးရုံကြီးတွင် တက်ရောက်ကုသနေသူ ဖြစ်ကြောင်းနှင့် ယခုလေထုညစ်ညမ်းမှုသည် သာမန်လူတဦးကို သေစေနိုင်လောက်သည့်အဆင့်မရှိသေး ဘဲ၊ နှလုံးရောဂါရှိသူများ၊ အဆုတ်နှင့် ရင်ကျပ်ရောဂါရှိသူများအတွက်မူ အသက်အန္တရာယ်စိုးရိမ်ရမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာလှက ပြောသည်။

''ဒီနေ့ကတော့ အခြေအနေကောင်းလာပါပြီ။ ခါတိုင်းလောက်တော့ အခြေအနေသိပ်မဆိုးတော့ဘူးပေါ့။ ဒီပုံစံအတိုင်းသွားမယ်ဆိုရင် မီးငြှိမ်းဖို့ ၂ ရက် ၃ ရက် လောက်ကြာဦးမယ်ထင်တယ်။ မီးသတ်သမားအင်အား ကတော့ ၃၀၀ ကျော်လောက်ရှိတယ်။ ၁၅ မိနစ်တကြိမ် ရေပက်ရတာပေါ့။ မီးက အရမ်းပူတော့ လူပါ ရေလောင်းရတယ်။ မီးသတ်သမား ၁၀ ဦးကျော်လောက် ဆေးရုံတက်ရတယ်။ အသက်အန္တရာယ်တော့ မစိုးရိမ်ရပါဘူး။ မီးခိုးမွှန်လို့ အသက်ရှူကျပ်တာပါ''ဟု လှိုင်သာယာမြို့နယ် မီးသတ်တပ်ဖွဲ့တပ်စုမှူး ဦးတိုးလှိုင်က ပြောသည်။

ထိန်ပင်အမှိုက်ပုံမီးလောင်မှု အရေးကြီးဆုံးလိုအပ်ချက်မှာ လုံခြုံရေးပိုင်းဆိုင်ရာဖြစ်ကြောင်း၊ ပထမ အဆင့်အနေဖြင့် မီးလောင်နေသည့်အမှိုက်ပုံမှ အခြားနေရာများသို့ မီးမကူးစက်နိုင်ရေး၊ ဒုတိယအဆင့် မီးငြှိမ်းသတ်ရေးနှင့် မီးခိုးများပျောက်သွားဖို့ဖြစ်ကြောင်း၊ မီးငြှိမ်းသတ်ရေးကို ၈၀ ရာခိုင်နှုန်းထိန်းသိမ်းနိုင်ပြီး မထိန်းသိမ်းနိုင်သည်မှာ မီးခိုးများဖြစ်ကြောင်း အဆိုပါ မီးခိုးငွေ့များကို Bio Foam များ အသုံးပြု၍ ၃၆ နာရီ အတွင်း မီးငြှိမ်းသတ်ရေးနှင့် မီးခိုးပါအပြီးငြိမ်းသွားနိုင်ရေးအတွက် တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ် ကြောင်း ၀န်ကြီးချုပ်က ပြောသည်။

အဆိုပါ Bio Foam ကို ဂျပန်နိုင်ငံနှင့် ပြင်သစ်နိုင်ငံတို့တွင် အသုံးပြုနေပြီး လက်ရှိအချိန်တွင် ယင်းပစ္စည်းကို ထိုင်းနိုင်ငံမှ မှာယူထားကြောင်း၊ Bio Foam ဂါလန် ၅,၀၀၀ ခန့် လိုအပ်သော်လည်း ဂါလန် ၁,၈၀၀ သာရရှိမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးက ပြောသည်။

ထိန်ပင်သုသာန်အမှိုက်ပုံမီးလောင်မှုကို ဧပြီ ၂၁ ရက်မှစတင်၍ မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ် ၁၅ စီး၊ ရေသယ်ယာဉ် ၂၉ စီး၊ အထောက်အကူပြုယာဉ် ၇ စီး၊ မီးသတ်စက် ၃၂ ခု၊ ကွပ်ကဲမှုယာဉ် ၁ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၂၈၈ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၅၀ ဦး၊ ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီမှ ရေသယ်ယာဉ် ၁၈ စီး၊ မီးသတ်ယာဉ် ၂ စီး၊ ယန္တရား ၆ စီး၊ ရေပန့် ၃ လုံးနှင့် တပ်မတော်သား အင်အား ၁၆၀ ဦးတို့ဖြင့် မီးငြှိမ်းသတ်လျက်ရှိကြောင်း သိရသည်။

ထိန်ပင်အမှိုက်ပုံ မီးလောင်မှုမှမီးခိုးများထွက်လျက်ရှိသည့်အတွက် ပြည်သူများ ကျန်းမာရေးမထိခိုက်စေရန် အဆိုပါ မီးလောင်ပြင်နှင့် ထိစပ်နေသော လှိုင်သာယာမြို့နယ်ရှိ ကျုံစုအလယ်ရွာ၊ ရွှေလင် ပန်းကျေးရွာ၊ ၂၂/အလယ်ရွာ၊ ကံလှကျေး ရွာ၊ ၂၀ ရပ်ကွက်၊ ၁၈ ရပ်ကွက်တို့တွင် ဧပြီ ၂၃ ရက်မှစတင်၍ ယာယီဆေးခန်း များဖွင့်လှစ်၍ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဧပြီလ ၂၅ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

သားချမ်းမြတ်
News Watch

0 comments:

Post a Comment