Thursday, April 26, 2018

ဝန်ကြီး ဦးသောင်းထွန်း ရုရှား အစည်းအဝေး၌ သမားရိုးကျ မဟုတ်သည့် လုံခြုံရေး ခြိမ်းခြောက်မှုဆိုင်ရာကိစ္စရပ်များ ဆွေးနွေး


ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသား လုံခြုံရေးအကြံပေး ပုဂ္ဂိုလ် ဦးသောင်းထွန်းသည် ရုရှားနိုင်ငံ၌ ကျင်းပပြုလုပ်သည့် နိုင်ငံတကာ အဆင့်မြင့် အစည်းအဝေးတစ်ရပ်သို့ တက်ရောက်ခဲ့ပြီး ယခုလက်ရှိအချိန်ကာလ၌ နိုင်ငံတကာ တင်းမာမှုနှင့် လုံခြုံရေး ခြိမ်းခြောက်မှုများမှာ ပို၍ စိုးရိမ်စရာ ကောင်းလာနေလျက်ရှိကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ကမ္ဘာ့နိုင်ငံများမှ လုံခြုံရေးကိစ္စရပ်များဆိုင်ရာ တာဝန်ရှိအဆင့်မြင့်ပုဂ္ဂိုလ်များ၏ IX နိုင်ငံတကာအဆင့်မြင့်အစည်းအဝေးကို ရုရှားနိုင်ငံ ဆိုချီမြို့၌  ကျင်းပခဲ့ခြင်း ဖြစ်ပြီး ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ထုတ်ဖော်ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ယင်းအစည်းအဝေးသို့ ၀န်ကြီး ဦးသောင်းထွန်းနှင့်အတူ ပြည်ထဲရေး ဒုဝန်ကြီးလည်း တက်ရောက်သည်။

ရုရှားနိုင်ငံက နှစ်ရက်တာ စီစဉ်ကျင်းပပေးသည့် အဆိုပါ ဆိုချီ လုံခြုံရေး အစည်းအဝေးသို့ နိုင်ငံပေါင်း ၁၀၀ မှ ၀န်ကြီးချုပ်များ၊ သမ္မတများ၏ လက်ထောက်များ၊ လုံခြုံရေးကောင်စီ အကြီးအကဲများ၊ ကာကွယ်ရေးဝန်ကြီးများ၊ လုံခြုံရေး ဌာနများနှင့် ဥပဒေစိုးမိုးရေး အေဂျင်စီများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

ယင်းအစည်းအဝေး၌ မြန်မာ အမျိုးသားလုံခြုံရေးအကြံပေး ဦးသောင်းထွန်းက ပြောကြားရာတွင် ယနေ့ ကမ္ဘာကြီးတွင် ဆယ်စုနှစ်များစွာအတွင်း အစိုးရိမ်ရဆုံးသော လုံခြုံရေးပြဿနာများနှင့် ရင်ဆိုင်ကြုံတွေ့နေရလျက်ရှိကြောင်း အလေးပေးပြောဆိုခဲ့သည်။ ပြီးခဲ့သည့် နှစ်များအတွင်းက နိုင်ငံတကာတွင် တင်းမာမှုများ သိသာထင်ရှားစွာ မြင့်တက်လာခြင်းကလည်း မိမိတို့ဘက်က အခြေအနေအပေါ် နိုင်နင်းစွာ ကိုင်တွယ်နိုင်စွမ်းကို စိန်ခေါ်နေလျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

အောက်ပါတို့မှာ ၀န်ကြီး ဦးသောင်းထွန်း ပြောကြားခဲ့သည်တို့အနက်မှ အဓိကကျသည့် အချက်အလက်များဖြစ်သည်။

" ကမ္ဘာ့ ဒေသ အစိတ်အပိုင်းအများစုမှာဆိုရင် သမားရိုးကျ မဟုတ်တဲ့ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေက ဖုံးကွယ်နေတဲ့ ရှုပ်ထွေးတဲ့ ကိစ္စတွေနဲ့ ပိုပြီး ရောယှက်ဖြစ်ပေါ်လာနေပါတယ်"

" အချိုးအစား မညီတဲ့ ပဋိပက္ခစစ်ပွဲတွေ၊ အထူးသဖြင့် နည်းပညာသစ်နဲ့ နည်းဗျူဟာသစ်တွေကို သုံးပြီး နိုင်ငံစုံမှာ ဖြစ်နေတဲ့ အချိုးမညီတဲ့ အကြမ်းဖက်မှုတွေ ရှိနေတာကတော့ ကျွန်တော်တို့ အားလုံးအတွက် အဓိက စိုးရိမ်ပူပန်စရာ ကိစ္စရပ်တစ်ခု ဖြစ်လာနေတာ ထင်ရှားပါတယ်"

" အကြမ်းဖက်မှုတွေ၊ အကြမ်းဖက်လုပ်ရပ်တွေ ပေါ်ပေါက်လာအောင် နှိုးဆွဖို့အတွက် အမုန်းတရားဖြန့်မှု၊ သတင်းတုသတင်းမှား ဖြန့်ဝေမှုတို့မှာလည်း ICT ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးချလာနေလျက်ရှိပါတယ်"

" လူတွေ တစ်နေရာကနေတစ်နေရာကို ပြောင်းရွှေ့နေထိုင်မှု၊ ဒုက္ခသည်  အကျဉ်းအကျပ် ကိစ္စတွေကို လည်း အချိုးမညီတဲ့ ပဋိပက္ခစစ် လက်နက်တစ်ခုလို အသုံးပြုလာနေတဲ့ ဖြစ်ရပ် သာဓကတွေလည်း ရှိနေပါတယ်"

" ဒီကနေ့ ကျွန်တော်တို့ အားလုံး တွေ့ကြုံနေရတဲ့ စိန်ခေါ်မှုတွေ၊ ခြိမ်းခြောက်မှုတွေက မျှော်မှန်းမထားတဲ့ အရင်းအမြစ် အများအပြားကနေ ပေါ်ထွက်လာနေတာဖြစ်ပါတယ်၊ ဒါတွေဟာ နယ်ပယ်အားဖြင့်လည်း ကျယ်ပြန့်လာတယ်၊ သဘောသဘာဝအားဖြင့်လည်း ရှုပ်ထွေးလာတယ်၊ နယ်နမိတ်တွေကိုလည်း ကျော်လွန်လာနေတယ်။ ဘယ်နိုင်ငံကမှ ဒီ စိန်ခေါ်မှုတွေကို တစ်ဦးတစ်ယောက်တည်းအားဖြင့် ဖြေရှင်းသွားလို့ မရနိုင်ဘူး။ နိုင်ငံတွေအကြား ၀ိုင်းဝန်းဆွေးနွေးတိုင်ပင်မှုကို လိုအပ်နေပါတယ်"

" ကျွန်တော်တို့အနေနဲ့ ပိုမိုပြီး လုံးလုံးလျားလျား ကျတဲ့ ချဉ်းကပ်မှုတစ်ရပ် ချမှတ်ခြင်း၊ ဘုံ မဟာဗျူဟာ အကျိုးတရားတွေကို ခိုင်မာစေခြင်း၊ အတူတကွ ပူးပေါင်းပြီး ရှေ့ဆက်သွားခြင်း တို့ကနေ ကျွန်တော်တို့အကြား မတူညီကွဲပြားမှုတွေကို ကျေလည်အောင် ပြီးပြတ်စေရပါမယ်"

" နိုင်ငံတစ်နိုင်ငံတည်းအပေါ် နာမည်ထုတ်ဖော်တပ်ခြင်း၊ အပြစ်တင်ခြင်း၊ အရှက်ရစေခြင်း ဆိုတဲ့ လုပ်ဆောင်ပုံမျိုးကို ရှောင်ရှားရပါလိမ့်မယ်၊ ဒါမျိုးလုပ်ဆောင်တာက  အဆိုးမြင် အပျက်ဆောင် သဘောထားအမြင်တွေကို ကြီးထွားစေနိုင်ပြီး မတူညီမှုတွေကိုလည်း အမြစ်တွယ်သွားစေမှာဖြစ်ပါတယ်"

" အဲဒီ့အစား ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့အကြား ယုံကြည်အားကိုးမှု၊ စိတ်ချမှု တို့ကို အလေးထားပြီး တည်ဆောက်ကြရမှာဖြစ်ပါတယ်၊ ဒါမှလည်း ဒီလိုပဋိပက္ခတွေကို အောင်အောင်မြင်မြင်နဲ့ ဆွေးနွေးတိုင်ပင် ဖြေရှင်းသွားနိုင်မှာဖြစ်ပါတယ်"

Mizzima - News in Burmese

0 comments:

Post a Comment