Sunday, April 29, 2018

လုံခြုံရေးကောင်စီကိုယ်စားလှယ်များနှင့် နိုင်ငံတော်အတိုင်ပင်ခံတို့ ယနေ့တွေ့မည်

အဖွဲ့ဝင် ၁၅ နိုင်ငံဖြင့် ဖွဲ့စည်း ထားသော ကုလသမဂ္ဂလုံခြုံရေးကောင်စီ ကိုယ်စားလှယ်များ၏ မြန်မာနိုင်ငံခရီးစဉ် အတွင်း ပထမဦးဆုံး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော် အတိုင်ပင်ခံရုံးတွင် ဧပြီလ ၃၀ ရက် မွန်းလွဲပိုင်း၌ တွေ့ဆုံမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောကြားသည်။

“လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေက မနက်ဖြန် မွန်းလွဲပိုင်းလောက်တော့ ရောက်မယ်။ အရင်ဆုံး ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့မယ်။ ညနေပိုင်း ၆ နာရီလောက်မှာ ညစာစားပွဲမှာ သီးခြား ဝန်ကြီးတချို့နဲ့ တွေ့ဖို့ရှိတယ်”ဟု ၎င်းကဆိုသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံနှင့် တွေ့ဆုံပြီးနောက် ဧပြီလ ၃၀ ရက် ညနေပိုင်းတွင် နေပြည်တော်၌ ညစာ စားပွဲလုပ်ကာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန အပါအဝင် နိုင်ငံခြားရေး ဝန်ကြီးဌာနတို့နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

မေလ ၁ ရက်တွင် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ဘင်္ဂလားဒေ့ရှ်မှ ပြန်လာမည့် ဒုက္ခသည်များအား ပြန်လည်လက်ခံမည့် လက်ခံရေးစခန်းများ၊ ကြားစခန်းများသို့ သွားရောက် လေ့လာမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ခရီးစဉ်တွင် ကုလလုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံမှ ကိုယ်စားလှယ် ၁၅ ဦးအပါအဝင် အာဆီယံ အိမ်နီးချင်းနိုင်ငံ ငါးနိုင်ငံမှ ကိုယ်စားလှယ်များနှင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားသည့် စင်ကာပူနိုင်ငံမှ ကိုယ်စားလှယ်များလည်း ပါဝင်မည်ဖြစ်သည်။ 

ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာနိုင်ငံသို့ လာရောက်ခွင့်ပြုရန် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလက စတင်တောင်းဆိုခဲ့ခြင်းဖြစ်ပြီး စတင်တောင်းဆိုစဉ်က မြန်မာအစိုးရက ငြင်းပယ်ခဲ့သော်လည်း လက်ရှိတွင် ဝင်ရောက်ခွင့်ပြုရန် ယခုလဆန်းပိုင်း (ဧပြီလ) က ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

ခရီးစဉ်အတွင်း မြန်မာအစိုးရ၏ ဒုက္ခသည်များ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များ ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းပြသွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားထားသည်။

အဆိုပါ ကုလသမဂ္ဂလုံခြုံရေး ကောင်စီအဖွဲ့သည် မြန်မာနိုင်ငံသို့ မလာရောက်မီ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အရင်သွားရောက်မည်ဖြစ်ပြီး ကော့စ်ဘဇာရှိ ဒုက္ခသည်စခန်းများကိုလည်း သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် အခြေစိုက်၍ အမြဲတမ်း အဖွဲ့ဝင် ငါးနိုင်ငံအဖြစ် တရုတ်၊ ပြင်သစ်၊ ရုရှား၊ ယူကေနှင့် အမေရိကန်နိုင်ငံတို့က တာဝန်ယူထားပြီး အလှည့်ကျအဖွဲ့ဝင် ၁၀ နိုင်ငံဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ 

The Voice


0 comments:

Post a Comment