Wednesday, April 25, 2018

ငြိမ်းချမ်းရေးကော်မရှင်နှင့် ကရင်နီအဖွဲ့ လွိုင်ကော်တွင် ယနေ့တွေ့မည်

အစိုးရငြိမ်းချမ်းရေး ကော်မရှင်နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) လက်နက်ကိုင်အဖွဲ့တို့ တွေ့ဆုံပွဲကို ယနေ့ (ဧပြီ ၂၆ ရက်) မှစတင်၍ ကယားပြည်နယ် လွိုင်ကော်မြို့တွင် ပြုလုပ်မည်ဖြစ်ကြောင်း အဆိုပါအဖွဲ့များထံမှ သိရသည်။

အစိုးရငြိမ်းချမ်းရေး ကော်မရှင်နှင့် KNPP တို့၏ တရားဝင်ဆွေးနွေးပွဲ (Biliteral Meeting) ကို ဧပြီလ ၂၆ ရက်မှ ၂၇ ရက်အထိ ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ ပြည်နယ်ခန်းမတွင် ပြုလုပ်မည်ဖြစ်ကြောင်း ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) က သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ပြည်နယ်အဆင့်နှင့် ပြည်ထောင်စုအဆင့်တို့အပြင် အစိုးရနှင့် KNPP တို့ကြား ချုပ်ဆိုခဲ့သော နှစ်ဖက်သဘောတူညီချက်များကို ဆက်လက် အကောင်အထည်ဖော်ရန် ပြည်နယ်အဆင့်နှင့် ဒေသအဆင့် ပူးတွဲစောင့်ကြည့်ရေး ကိစ္စများကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း KNPP က ထုတ်ပြန်ထားသည်။

ထို့ပြင် လူ့အခွင့်အရေးဆိုင်ရာ စောင့်ကြည့်လေ့လာရေးအဖွဲ့ ကိစ္စများ၊ လူမှုရေး ကူညီထောက်ပံ့မှုကိစ္စများ၊ ပြည်နယ်အတွင်း INGO နှင့် NGO များ လုပ်ငန်းဆောင်ရွက်မှု ကိစ္စရပ်များ၊ မူးယစ်ဆေးဝါး၊ သစ်တောပြုန်းတီးမှုနှင့် လူကုန်ကူးမှုကိစ္စများ၊ ပြည်နယ်နှင့် ပြည်ထောင်စုအဆင့်များတွင် ဆက်ဆံရေးတာဝန်ခံများ ပြန်လည်ထားရှိရေး ကိစ္စများနှင့် တပ်ပိုင်းဆိုင်ရာကိစ္စများကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် KNPP အနေနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး NCA ဖော်ဆောင်နိုင်မှုကို ရှေးရှုကာ ပြည်နယ်အဆင့်နှင့် ပြည်ထောင်စုအဆင့်တို့တွင် ချုပ်ဆိုခဲ့သော နှစ်ဖက်သဘောတူညီချက်များကို ဆက်လက် အကောင်အထည်ဖော်နိုင်ရန် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းဆွေးနွေးပွဲတွင် ကယားပြည်နယ်အတွင်းရှိ ဒေသခံ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ အရပ်ဘက် လူမှုအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ ဘာသာရေး အဖွဲ့အစည်းခေါင်းဆောင်များနှင့် NCA အား လက်မှတ်ရေးထိုးထားပြီးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များလည်း KNPP ၏ ဖိတ်ကြားချက်အရ လေ့လာသူများအဖြစ် တက်ရောက်မည်ဖြစ်ကြောင်း KNPP လွိုင်ကော်ဆက်ဆံရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ပြီးခဲ့တဲ့ မတ်လတုန်းက အလွတ်သဘော ညှိနှိုင်းပြီးတော့ အခု တရားဝင်တွေ့ဆုံဖို့ လုပ်တာပေါ့။ အဓိကကတော့ NCA လက်မှတ်ထိုး မထိုးဆိုတာကို အဆုံးအဖြတ်လုပ်နိုင်မယ်ထင်တယ်”ဟု ၎င်းက ဆိုသည်။

အစိုးရ ငြိမ်းချမ်းရေးကော်မရှင်နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ခေါင်းဆောင်အချို့သည် မတ်လ ၇ ရက်က ရန်ကုန်မြို့တွင် အလွတ်သဘောတွေ့ဆုံခဲ့ကြပြီး ယခုပြုလုပ်မည့် တရားဝင်တွေ့ဆုံပွဲ အဆင်ပြေမှသာ KNPP အဖွဲ့အနေနှင့် NCA စာချုပ်ကို လက်မှတ်ရေးထိုးနိုင်မည်ဖြစ်ကြောင်း KNPP ဒုတိယဥက္ကဋ္ဌ ခူဦးရယ်က ပြောကြားထားသည်။

KNPP အဖွဲ့သည် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့တွင် NCA လက်မှတ်ထိုးရန် ကျန်ရှိသေးသည့်အဖွဲ့ တစ်ခုဖြစ်ပြီး ကျန်အဖွဲ့ဝင်များဖြစ်သည့် မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူ ဒီမိုကရက်တစ်ပါတီ (LDU) တို့က NCA ကို ဝင်ရောက်လက်မှတ်ရေးထိုးခဲ့ကြသည်။

ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) အဖွဲ့သည် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးစက စတင်ဖွဲ့စည်းခဲ့သည့် သက်တမ်းရှည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်ပြီး အစိုးရနှင့် ပြည်နယ်အဆင့် အပစ်ရပ် သဘောတူထားသည့် အဖွဲ့လည်းဖြစ်သည်။

The Voice

0 comments:

Post a Comment