Wednesday, April 25, 2018

တရားရုံးမထီမဲ့မြင်ပြုမှုအပါအဝင် အမှုငါးခုရင်ဆိုင်နေရသူ ရှေ့နေဦးဇော်ဝင်း တရားခွင်တွင်မူးလဲ


ပြည်ကြီးတံခွန်မြို့နယ် တရားရုံးဆိုင်းဘုတ်ကို ဖိနပ်ဖြင့်ပစ်ပေါက်ခဲ့မှုကြောင့် တရားရုံးမထီမဲ့မြင်ပြုမှု အပါအဝင် အမှုငါးခု ရင်ဆိုင်နေရသူ ရှေ့နေဦးဇော်ဝင်း ဧပြီလ ၂၅ ရက်နေ့က တရားခွင်အတွင်း မူးလဲခဲ့သည့်အတွက် အမှုစစ်ဆေးနိုင်ခြင်း မရှိခဲ့ပေ။ 

တရားရုံးအတွင်း အမှုကိုစစ်ဆေးရန် လုပ်ဆောင်နေစဉ် တရားခွင်ပြင်ပတွင် ရှိနေခဲ့သည့် အမျိုးသမီးတစ်ဦးက ဖုန်းဖြင့် ဓာတ်ပုံရိုက်ရန် ပြုလုပ်နေသည်ကို ရှေ့နေအမျိုးသမီးတစ်ဦးက တားမြစ်ခဲ့ရာမှ တရားခွင်အတွင်း အငြင်းပွားမှုတစ်ခု ဖြစ်ခဲ့ပြီး ခေါင်းမူးနေသည်ဟုဆိုကာ ဦးဇော်ဝင်းက ခေတ္တအနားယူခွင့် တောင်းခဲ့သော်လည်း တရားသူကြီးက ဆက်လက်စစ်ဆေးရန် စီစဉ်နေစဉ် ဦးဇော်ဝင်းသည် တရားခွင်အတွင်း လဲကျသွားခဲ့ခြင်းဖြစ်သည်။

တရားခွင်အတွင်းတွင် စီစီတီဗီကင်မရာဖြင့် မှတ်တမ်းတင်နေသော်လည်း ပြည်သူများကို ဓာတ်ပုံရိုက်ရန် တားမြစ်ခြင်းသည် တရားမျှတမှု မရှိကြောင်း အမှုမစစ်မီ ဦးဇော်ဝင်းက ပြောဆိုခဲ့သည်။

“တရားရုံးဝင်းထဲမှာ ဓာတ်ပုံရိုက်တဲ့ ပြည်သူတွေကိုကျတော့ ဓာတ်ပုံမရိုက်ရဘူးတဲ့။ မီဒီယာသမားတွေတောင် ရိုက်လို့မရဘူး။ သူတို့ကျတော့ တရားခွင်ထဲမှာ စီစီတီဗီကင်မရာနဲ့ တစ်ချိန်လုံးရိုက်နေတာ။ အဲ့ဒါ မတရားတာပါပဲ။ အခြေခံ ဥပဒေအရ ဥပဒေဟာ အားလုံးအပေါ် တစ်ပြေးညီတည်းဖြစ်ရမယ်”ဟု ၎င်းက ပြောကြားသည်။

ရှေ့နေဦးဇော်ဝင်းသည် မတ္တရာမြို့နယ် တရားသူကြီးကို ဖိနပ်ဖြင့်ပစ်ပေါက်ခဲ့မှုအတွက် အမှုရင်ဆိုင်နေရသူဖြစ်ပြီး မတ်လ ၁၅ ရက်နေ့က ပြည်ကြီးတံခွန်မြို့နယ် တရားရုံးတွင် စစ်ဆေးသည့်အမှု တစ်ခုနှင့်ပတ်သက်၍ တရားခွင်ရှေ့ရှိ တရားသူကြီးအမည် ရေးထားသော ဆိုင်းဘုတ်ကို ဖိနပ်ဖြင့်ပစ်ပေါက်ခဲ့သဖြင့် ပုဒ်မငါးခုဖြင့် ထပ်မံအမှုဖွင့်ခံထားရသူ ဖြစ်သည်။

ဦးဇော်ဝင်းအနေနှင့် တရားစီရင် ရေးလုပ်နေသူများကို ပုတ်ခတ်ပြောဆိုခြင်း၊ “ေ_ာက်သုံးမကျသည့်ရုံး” ဟူသော စကားလုံးဖြင့် တရားသူကြီးများကို ညစ်ညမ်းစွာဆဲဆိုခြင်း၊ ဒီတရားသူကြီးကို ဝင်ရိုက်မယ်ကွာဟု ပြောဆိုခြင်း၊ နိုင်ငံတော်အဆင့်လူကြီးများကို မလေးစားအောင် လှုံ့ဆော်ပြောဆိုခြင်း၊ တရားရုံးဝင်းအတွင်းနှင့် အနီးဝန်းကျင်အပါအဝင် တရားခွင်၌ အမှုစစ်ဆေးခြင်းတို့ကို ခွင့်ပြုချက်မရှိဘဲ လက်ကိုင်ဖုန်းဖြင့် ဗီဒီယို၊ ဓာတ်ပုံ ရိုက်ကူးခြင်းတို့ လုပ်ဆောင်ခဲ့သည်ဟုဆိုကာ ပြည်ကြီးတံခွန်မြို့နယ် ဒုတိယမြို့နယ် တရားသူကြီးဒေါ်စုသက်ငုံက အမှုဖွင့်တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

ယင်းအပြင် ဦးဇော်ဝင်း၏လုပ်ရပ်သည် တရားစီရင်ရေးတာဝန် ထမ်းဆောင်နေသော တရားသူကြီးများနှင့် အုပ်ချုပ်ရေးတာဝန် ထမ်းဆောင်နေသော အစိုးရအပေါ် ဂုဏ်သိက္ခာကျဆင်းအောင်နှင့် မလေးစားအောင် လှုံ့ဆော်အားထုတ်ခြင်း၊ တရားရုံးမထီမဲ့မြင်ပြုခြင်း၊ တရားစီရင်ရေးတာဝန် ဆောင်ရွက်မရအောင် ညစ်ညမ်းစွာ ပြောဆိုနှောင့်ယှက်ခြင်းတို့ ပြုလုပ်သည်ဟုဆိုကာ ယင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စိုးက အမှုဖွင့်တိုင်ကြားထားသေးသည်။

ပြည်ကြီးတံခွန်မြို့နယ် ဒုတိယ မြို့နယ်တရားသူကြီးဒေါ်စုသက်ငုံ၏ တိုင်ကြားချက်ကြောင့် ဦးဇော်ဝင်းကို ပြည်ကြီးတံခွန် မြို့မရဲစခန်းက (ရ) ၁၆၀/၂၀၁၈၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၂၉၄/၃၅၃/ ၂၂၈/၅၀၆ တို့ဖြင့် အမှုဖွင့်ထားပြီး ယင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စိုး၏ တိုင်ကြားမှုအတွက် (ပ) ၁၆၁/၂၀၁၈ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ (ခ) ဖြင့် အမှုဖွင့်ထားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

ယင်းအမှုများနှင့်ပတ်သက်၍ တရားလိုများကို စစ်ဆေးပြီးစီးပြီးဖြစ်၍ တရားလိုပြသက်သေများကိုစစ်ဆေးရန် မေလ ၂ ရက်နေ့သို့ ထပ်မံချိန်းဆိုထားသည်။

The Voice

0 comments:

Post a Comment