Thursday, April 26, 2018

ညွှန်ကြားရေးမှူးချုပ်တစ်ဦးကို နိုင်ငံတော်သမ္မတအပြောင်းအရွှေ့ပြုလုပ်


စီးပွား/ကူးသန်းဝန်ကြီးဌာန မှ ညွှန်ကြားရေးမှူးချုပ်တစ်ဦးကို တခြားဝန်ကြီးဌာနသို့ နိုင်ငံတော်သမ္မတက ယနေ့တွင် ပြောင်းရွှေ့လိုက်သည်။

သမ္မတမှ အပြောင်းအလဲပြုလုပ်လိုက်သော ညွှန်ကြားရေးမှူးချုပ်မှာ စီးပွား/ကူးသန်းဝန်ကြီးဌာန လက်အောက်ရှိ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမော်ဦးဖြစ်ပြီး၊ပြောင်းရွှေ့သွားရသည့် ဌာနမှာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် နေရာဖြစ်သည်ဟု နိုင်ငံတော်ပြန်တမ်းအရသိရသည်။

၎င်းသည် တပ်မတော်မှ ဗိုလ်မှူးကြီးဘ၀ဖြင့် အငြိမ်းစားယူ၍ စီးပွား/ကူးသန်းဝန်ကြီးဌာန သို့ ရောက်ရှိလာပြီး၊ယင်းမှတဆင့် ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် တာဝန်ကို ယူခဲ့သူဖြစ်သည်။

ယင်းနောက် အသစ်ဖွဲ့စည်းလိုက်သည့် စားသုံးသူရေးရာဦးစီးဌာနသို့ ရောက်ရှိကာ ညွှန်ကြားရေးမှူးချူပ် တာဝန်ကို ထမ်းဆောင်ခဲ့သည်ဟု သိရသည်။

လက်တလောတွင် ၎င်းသည် Forever Group မှ တင်ဆက်နေသည့် 4 TV လိုင်းကိစ္စ၊ Channel + လိုင်းကိစ္စ နှင့်ပတ်သတ်ပြီး နစ်နာသူများရှိလျှင် တိုင်ကြားနိုင်သည်ဟု ပြည်သူများကိုထုတ်ပြန်ကြေညာထားသူလည်းဖြစ်သည်။

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယအမြဲတန်းအတွင်းဝန် ဦးမင်းအေးကိုက ''ကျွန်တော်တို့ဝန်ကြီးဌာနမှာ ၀န်ကြီးရုံးရယ်၊ ဦးစီးဌာန ၂ခုရယ် ရှိပါတယ်။ဝန်ကြီးရုံးရော ဦးစီးဌာန ၂ခုမှာရော ညွှန်ကြားရေးမှူးချုပ်တွေ တစ်ဦးမှ မရှိပါဘူး။ဒီလိုအပ်ချက်ကို သမ္မတကြီးက သင့်တော်တဲ့သူကို သင့်တော်သလို နေရာချထားပေးတယ်လို့ မြင်ပါတယ်"'ဟု Popular News ကိုပြောသည်။

စားသုံးသူရေးရာသတင်းများကိုရေးသားသော သတင်းထောက်တစ်ဦးက ဦးလှမော်ဦးသည် ထက်မြတ်ပြီး၊အရည်အချင်းရှိသူတစ်ဦးဖြစ်ကာ စည်းမျဉ်းစည်းကမ်းများအတိုင်း လုပ်ရဲကိုင်ရဲသူတစ်ဦးမြင်ကြောင်းပြောသည်။

''သူဘာလို့ ပြောင်းသွားရလဲ ဆိုတာ မသိဘူး၊သူ ကောင်းတာတွေ လုပ်ခဲ့တာအများကြီးပဲ''ဟု ၎င်းကပြောသည်။


PNew
ပုံစာ။ ။ဦးလှမော်ဦး တိုက်ပုံဝတ်ဆင်ထားသော ပုဂ္ဂိုလ်။
Popular News Journal

0 comments:

Post a Comment