Friday, April 27, 2018

မီးလောင်အမှိုက်ပုံအနီးရှိ ရပ်ကွက်များမှ လူအချို့ကို နေရာပြောင်းရွှေ့ရန် စီစဉ်


ထိန်ပင်အမှိုက်ပုံညှော်နံ့များကို အဓိကရှူရှိုက်ခံစားနေရသော အနီးဆုံးနေရာသုံးခုရှိ သက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင်၊ ကလေးငယ်များနှင့် ရောဂါအခံရှိသူများကို စာရင်းကောက်၍ အနံ့အသက်လွတ်သည့် ၆ ရပ်ကွက်၊ အ.လ.က (၁) ကျောင်းသို့ ယနေ့၌ စတင်ပြောင်းရွှေ့ပေးရန် စီစဉ်နေကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။

“တစ်ခါတည်း ဒုက္ခသည်စခန်းကြီးလို လုပ်တာမျိုးတော့ မဟုတ်ဘူးခင်ဗျ။ ဥပမာ-ညဘက်မှာ အနံ့ပိုဆိုးတယ်။ နေ့နဲ့ညနဲ့ မတူဘူးလေ။ ဒီထက်ပိုဆိုးရင် ခဏပြောင်းရွှေ့နေနိုင်အောင် သတ်မှတ်ပေးတာပါ။ ဒါက နံပါတ်တစ် အကောင်းဆုံးနေရာ။ အဲ့နေရာမှာ အနံ့အသက်လွတ်တယ်ခင်ဗျ။ အဲ့ဒီမှာ နေရာထိုင်ခင်းက အဆင်ပြေတယ်။ လိုအပ်ရင် ထပ်ပြီးတော့ နေရာထိုင်ခင်းတွေ ဆောင်ရွက်ပေးမယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် ရပ်ကွက် ၂ ခုနှင့် အမှိုက်ပုံအနီးရှိ လူနေအိမ်မှ ဦးစားပေးထားရှိသင့်သူများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများ အကူအညီဖြင့် စာရင်းကောက်လျက်ရှိပြီး ယာယီပြောင်းရွေ့နေထိုင်ရန် စီစဉ်ထားသည့် အမှတ် (၁) အလယ်တန်းကျောင်း၌ လူဦးရေ ၃၀၀ ခန့် တစ်ပြိုင်တည်းထားရှိနိုင်သည့်အပြင် လိုအပ်ပါက ယင်းကျောင်းဧရိယာအတွင်းရှိ ဘောလုံးကွင်းပြင်တွင် ရွက်ဖျင်တဲများ ထိုးပေးမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဆိုသည်။

“ပြောင်းဖို့ အားလုံးစီစဉ်ပေးမယ်။ လောလောဆယ် ပြောင်းမယ့်လူတွေကို စာရင်းကောက်နေတုန်းပဲ။ အန္တရာယ်ကင်းမယ့် နောက်ထပ်ထားဖို့သင့်တဲ့ နေရာတွေကိုလည်း လူ/ကယ်ပြန်ဝန်ကြီး ဦးဆောင်ပြီးတော့ ကွင်းဆင်းရှာဖွေနေတယ်” ဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ အကြီးတန်းတာဝန်ရှိသူတစ်ဦးက ဆိုသည်။

လက်ရှိ ကွင်းဆင်းစာရင်းကောက်ယူမှုအရ အမှိုက်ပုံစွန့်ထုတ်အငွေ့ကို အဓိကရှူရှိုက်နေရသည့် လှိုင်သာယာမြို့နယ်၊ ၁၈ ရပ်ကွက်၊ ၂၀ ရပ်ကွက်နှင့် အနီးဆုံးရှိ လူနေအိမ်များပါဝင်ကြောင်း၊ ယင်းအစီအစဉ်ကို ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေနှင့်လည်း ပြောင်းရွှေ့ပေးရမည့် တာဝန်ရှိကြောင်း လူ/ကယ်ပြန်ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

The Voice

0 comments:

Post a Comment