Sunday, April 29, 2018

ထိန်ပင်သုဿန်အမှိုက်ပုံမီးလောင်မှုကဲ့သို့ ဖြစ်စဉ်မျိုး ထပ်မဖြစ်စေရန် ပြင်ဆင်ထားမှုများမရှိသေးကြောင်း ရန်ကုန်စည်ပင်ပြော


ထိန်ပင်သုဿန်အမှိုက်ပုံမီးလောင်မှုကဲ့သို့ ဖြစ်စဉ်မျိုး ထပ်မဖြစ်စေရန် ပြင်ဆင်ထားမှုများမရှိသေးကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ လေထုညစ်ညမ်းမှုနှင့် သန့်ရှင်းရေးဌာနမှ လက်ထောက်အင်ဂျင်နီယာချုပ် ဒေါက်တာအောင်မြင့်မော်က အကုန်သိသတင်းဌာနသို့ ပြောသည်။ 

ထိန်ပင်သုဿန်အမှိုက်ပုံမီးလောင်နေမှုမှာ ဧပြီ ၂၁ ရက် မွန်းလွဲပိုင်းမှ စတင်လောင်ကျွမ်းခဲ့ပြီး ဧပြီ ၂၉ ရက် ညနေ ၄ နာရီခွဲခန့်အထိ ငြှိမ်းသတ်နိုင်ခြင်းမရှိသေးပေ။ 

“ လောလောဆယ် မီးကိုနိုင်အောင် ငြှိမ်းပေးနေရတယ်။ မီးကို နိုင်တာ ရေပဲရှိတယ်။ ရေရှည်မှာ ဒီလိုဖြစ်စဉ်မျိုးမဖြစ်အောင် ဘယ်လိုပြင်ဆင်ရမလဲဆိုတာ လောလောဆယ်မရှိသေးဘူး” ဟု ဒေါက်တာအောင်မြင့်မော်က ပြောသည်။

ထိန်ပင်သုဿန်အမှိုက်ပုံမီးလောင်ရာမှ ထွက်ရှိလာသည့် မီးခိုးငွေ့များသည် မြောက်ဥက္ကလာပမြို့နယ်၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်နှင့် အခြားလေလမ်းကြောင့်သင့်ရာ မြို့နယ်များတွင် မီးခိုးညှော်နံ့များ ဖြစ်ပေါ်စေလျက်ရှိကြောင်း၊ အနီးဝန်းကျင်တွင် နေထိုင်ကြသူအချို့သည် အောက်စီဂျင်ပြတ်လပ်သွားသဖြင့် ဆေးရုံတင်ထားရခြင်းများရှိကြောင်း ဒေသခံများထံမှ သိရသည်။ 

အဆိုပါ မီးလောင်မှုကို မထိန်းချုပ်နိုင်ပါက ထိန်ပင်သုဿန်အနီးရှိ Omni Focus ပိုင် ယာဉ်ရပ်နားဝင်းမှ ယာဉ်များကို ပြောင်းရွှေ့ရမည်ဖြစ်သည့်အတွက် Omni Focus မှ ပြေးဆွဲနေသည့် YBS ယာဉ်လိုင်း ၂၀ နှင့် ၈၃ တို့ကို ခေတ္တရပ်နားသွားနိုင်ကြောင်း Omni Focus ယာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦးကလည်း အကုန်သိသတင်းဌာနသို့ ဧပြီ ၂၄ ရက် နံနက်ပိုင်းက ပြောကြားထားသည်။ 

ထိန်ပင်သုဿန်အမှိုက်ပုံမီးလောင်နေမှုကို မီးငြှိမ်းသတ်ယာဉ် ၂၅ စီး၊ ရေသယ်ယာဉ် ၃၀ စီးတို့ဖြင့် ငြှိမ်းသတ်လျက်ရှိကြောင်း သိရသည်။ 

ထိန်ပင်သုဿန်အနီးရှိအမှိုက်ပုံသို့ နေ့စဉ် အမှိုက်တန်ချိန်ပေါင်း ၁၀၀၀ ခန့် စွန့်ပစ်လျက်ရှိကြောင်း သိရသည်။


စုသက်နှင်း (အကုန်သိသတင်းဌာန) 

0 comments:

Post a Comment