Sunday, April 29, 2018

ကျိုက်ထီးရိုးကေဘယ်လ်ကားဆောက်ခဲ့သည့် ကိုရီးယားကုမ္ပဏီမှ ဒါရိုက်တာတစ်ဦးကို ကျပ်သိန်းပေါင်း ၅၀၀၀၀ ကျော် ပြန်မဆပ်မှုဖြင့် ရဲစခန်း၌အမှုဖွင့်


ကျိုက်ထီးရိုးတွင် ကေဘယ်လ်ကားစခန်းတည်ဆောက်ခဲ့သည့် ကိုရီးယားကုမ္ပဏီမှ ဒါရိုက်တာတစ်ဦးကို ကျပ်သိန်းပေါင်း ငါးသောင်းကျော် ပြန်မဆပ်သည့်အတွက် မြန်မာကုမ္ပဏီဘက်မှ ရဲစခန်းတွင် အမှုဖွင့်လိုက်ကြောင်း သိရသည်။

ကျိုက်ထီးရိုးတောင်တွင် ကေဘယ်လ်ကားစခန်း တည်ဆောက်ခဲ့သည့် Sky Asia ကုမ္ပဏီမှ ဒါရိုက်တာဖြစ်သူ Mr.Yoo Sun Ha သည် ကျိုက်ထီးရိုးကေဘယ်လ်ကား စီမံကိန်းအတွက် လိုအပ်သော ချေးငွေများကို ရတနာရွှေဆင်ကြီး ဆောက်လုပ်ရေးကုမ္ပဏီအမည်ဖြင့် ရယူပေးပါရန် ချေးယူထားပြီး ယနေ့အထိ ပြန်လည်ပေးဆပ်ခြင်း မရှိသည့်အတွက် ရတနာရွှေဆင်ကြီးကုမ္ပဏီမှ ဧပြီလ ၄ ရက်တွင် မရမ်းကုန်းမြို့မရဲစခန်း၌ မမစ(မရမ်းကုန်း)(ပ)၂၉၉/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ(၄၂၀) ဖြင့် အမှုဖွင့် တိုင်ကြားထားကြောင်း ကုမ္ပဏီဘက်မှ တာဝန်ရှိသူတစ်ဦးက ဧပြီလ ၂၁ ရက်တွင် အကုန်သိ သတင်းဌာနကို ပြောသည်။

အဆိုပါ ကေဘယ်လ်ကားစီမံကိန်းကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက် တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ကေဘယ်လ် ကားစီးနင်းသူ ခရီးသည်များအတွက် အသက်အာမခံကြေးငွေကို IKBZ သို့ ၃၀ ရက်၊ မတ်လ၊ ၂၀၁၈ ခုနှစ်မှ ပေးသွင်းခဲ့ကြောင်း ၄င်းက ပြောသည်။

“ ဒီ ကေဘယ်လ်စီမံကိန်း ပြီးစီးအောင် ဆောင်ရွက်ဖို့အတွက် လိုအပ်တဲ့ ငွေကို ကျွန်တော်တို့ ကုမ္ပဏီနာမည်ခံပြီးတော့ ကမ္ဘောဇဘဏ်ကနေ သိန်းပေါင်း ငါးသောင်းချေးခိုင်းတယ်။ ကျွန်တော်တို့ကလည်း အဲဒီငွေကို ချေးပေးလိုက်တယ်။ ဒါကို ပြန်မဆပ်လို့ အရင်းက သိန်းပေါင်း ငါး သောင်း။ အတိုးက ကျပ်သိန်း ၂၆၀၀ ရယူလိုမှုနဲ့ မရမ်းကုန်းရဲစခန်းမှာ အမှုဖွင့်ခဲ့တာ ” ဟု ရတနာရွှေဆင်ကြီး ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

အဆိုပါ အမှုဖွင့်ထားသည့် ကိစ္စဖြင့် ပတ်သက်၍ မွန်ပြည်နယ်အစိုးရထံသို့လည်း အကြံပြုချက်များ တောင်းခံသွားမည်ဖြစ်ပြီး ကေဘယ်လ်ကား တည်ဆောက်ခဲ့သည့် ကိုရီးယားနိုင်ငံသားကုမ္ပဏီအကြောင်းကို အများပြည်သူများ သိရှိနိုင်ရန် ဧပြီလ ၂၄ ရက်ကလည်း မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ရှိ ငွေမိုးဟိုတယ်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားခဲ့ကြောင်း သိရသည်။


အောင်သူရိန်
AKonThi


0 comments:

Post a Comment