Wednesday, April 25, 2018

ဧပြီလအတွင်း မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုအနေဖြင့် ကန်ဒေါ်လာ ၁၀၇ သန်းကျော်နှင့် မြန်မာငွေ ကျပ် ၆၁၂ ဘီလီယံကျော် ခွင့်ပြုခဲ့ဟု ဆို


မြန်မာနိုင်ငံတွင် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုအနေဖြင့် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်၊ ဧပြီလအတွင်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများလုပ်ကိုင်ရန် ကန်ဒေါ်လာ ၁၀၇ သန်းကျော်နှင့် မြန်မာငွေ ကျပ် ၆၁၂ ဘီလီယံ ကျော်ကို ခွင့်ပြုပေးခဲ့ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန (DICA) မှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးထံမှ သိရသည်။

ယင်းသို့ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုခွင့်ပြုမှုတွင်ရင်းနှီးမြှပ်နှံမှု လုပ်ငန်းအသစ် ၁၄ ခုအတွက်မတည်ရင်းနှီးငွေ ပမာဏ ကန်ဒေါ်လာ ၁၀၆ သန်းကျော်နှင့် မြန်မာငွေ ကျပ် ၆၀၃ ဘီလီယံကျော်ခွင့်ပြုပေးခြင်းဖြစ်ပြီး လက်ရှိ လုပ်ကိုင်နေသော မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများမှ ရင်းနှီးမြှုပ်နှံမှု ထပ်မံတိုးမြှုင့်ခြင်း ပမာဏမှာ ကန်ဒေါ်လာ ၁ သန်းကျော် ခွင့်ပြုပေးခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ် ၁၄ ခုမှာဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍမှ လုပ်ငန်း ၄ ခု၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍမှ လုပ်ငန်း ၁ ခု၊ စက်မှုကဏ္ဍမှ လုပ်ငန်း ၄ ခု၊ ဝန်ဆောင်မှုကဏ္ဍမှ လုပ်ငန်း ၃ ခု၊ အိမ်ယာအဆောက်အအုံတည်ဆောက်မှု ဖွံ့ဖြိုးမှုကဏ္ဍမှ လုပ်ငန်း ၁ ခုနှင့် လျှပ်စစ်ကဏ္ဍမှ လုပ်ငန်း ၁ ခု တို့ဖြစ်ပြီး ပြည်တွင်းရှိလုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၂၂၈၅ ခုဖန်တီးပေးနိုင် မည်ဖြစ်ကြောင်းသိရသည်။

အဆိုပါလုပ်ငန်းအသစ် ၁၄ ခုကိုမြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ခွင့်ပြုလုပ်ငန်း ၈ ခု နှင့် အတည်ပြုလုပ်ငန်း ၃ ခု၊ မန္တလေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီမှ အတည်ပြုလုပ်ငန်း ၂ ခု၊ ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီကအတည်ပြုလုပ်ငန်း ၁ ခုတို့ ခွင့်ပြုပေးခြင်းဖြစ်ကြောင်းသိရသည်။

သင်းသင်းလှိုင် (အကုန်သိသတင်းဌာန) 

0 comments:

Post a Comment