Sunday, April 29, 2018

မေလ ၁ ရက်မှစ၍ YBS-21 ယာဉ်လိုင်းတွင် ဝေပုံကျ ခွဲဝေယူသည့်စနစ်သို့ ပြောင်းလဲပြေးဆွဲမည်


ကိုယ်ရကိုယ်ယူစနစ်ဖြင့်ပြေးဆွဲနေသည့် YBS-21 ယာဉ်လိုင်းကို ၂၀၁၈ ခုနှစ် မေလ ၁ ရက်မှ စတင်၍ ဝေပုံကျ ခွဲဝေယူသည့်စနစ်သို့ ပြောင်းလဲပြေးဆွဲတော့မည်ဖြစ်ကြောင်း Power Eleven ကုမ္ပဏီမှ ဒါရိုက်တာ ကိုတရုတ်လေးက ဧပြီလ ၂၉ ရက်တွင် အကုန်သိသတင်းဌာနကို ပြောသည်။

အနောက်ပိုင်းတက္ကသိုလ်မှ မော်တင်အထိ အင်းစိန်လမ်းမတစ်လျှောက် ပြေးဆွဲနေသည့် YBS- 21 ယာဉ်လိုင်းတွင် Power Eleven ကုမ္ပဏီနှင့် ခေတ်သစ်ဘုရင့်နောင်ကုမ္ပဏီအစရှိသည့် ကုမ္ပဏီ ၂ ခု ပါဝင်ပြေးဆွဲနေပြီး ယခု ဝေပုံကျစနစ်ဖြင့် ပြောင်းလဲပြေးဆွဲမည့် ကုမ္ပဏီမှာ ခေတ်သစ်ဘုရင့်နောင်ကုမ္ပဏီဖြစ်ကြောင်း သိရသည်။ 

“ အခုလိုမျိုး ဝေပုံကျခွဲဝေယူတဲ့စနစ်ကို ပြောင်းလဲပြေးဆွဲတဲ့အတွက် ကျွန်တော်တို့က ကြိုဆိုပါတယ်။ ကျွန်တော်တို့ကတော့ အရင်ကတည်းက အများပိုင်ကုမ္ပဏီဖြစ်နေတဲ့အတွက် YRTA ကချမှတ်ထားတဲ့မူအတိုင်း ဝေပုံကျခွဲဝေယူတဲ့စနစ်ကိုပဲသုံးတယ်။ သူတို့ကတော့ ယာဉ်ပိုင်ရှင်တွေ စုဖွဲ့ထားတဲ့အဖွဲ့ဖြစ်နေတော့ ကိုယ်ရကိုယ်ယူစနစ်ကို သုံးကြတယ်။ ဒီလို စနစ်မျိုးကို ပြောင်းလိုက်တာ ကောင်းပါတယ်။ ကိုယ်ရကိုယ်ယူစနစ်မှာတော့ ယာဉ်တစ်စီးနဲ့တစ်စီး ပြိုင်မောင်းနေရတော့ ကားလည်းပျက်စီးတယ်၊ မကြာခဏလည်း တိုက်တယ်။ ခရီးသည်တွေနဲ့လည်း စကားများရတယ်။ အခုတော့ ဒါမျိုးမဖြစ်တော့ဘူးပေါ့” ဟု ကိုတရုတ်လေးက ပြောသည်။ 

ယခင် ပုတ်ပြတ်ပြေးဆွဲသည့်စနစ်တွင် မော်တော်ယာဉ်ပိုင်ရှင်ကို တစ်ရက် ကျပ် ၆၀၀၀၀ ပေးရပြီး ပိုငွေကို ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့က အချိုးကျခွဲဝေယူကြကြောင်း သိရသည်။ 

မော်တင်မှ အနောက်ပိုင်းတက္ကသိုလ်သို့ ပြေးဆွဲနေသည့် YBS-21 ယာဉ်လိုင်းတွင် ခေတ်သစ်ဘုရင့်နောင်ကုမ္ပဏီက ယာဉ်စီးရေ ၉၀ ခန့်ဖြင့် ပြေးဆွဲနေပြီး Power Eleven ကုမ္ပဏီက ယာဉ်စီးရေ ၈၂ စီးဖြင့် ပြေးဆွဲနေကြောင်း သိရသည်။

အောင်သူရိန် (အကုန်သိသတင်းဌာန)

0 comments:

Post a Comment