ရှမ်းနိုင်ငံရေးပါတီတစ်ခုဖြစ်သည့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) မှ အထွေထွေအတွင်းရေးမှူးဖြစ်သူ ဦးစိုင်းညွှန့်လွင်က ပြည်ထောင်စုကိစ္စနှင့် ပတ်သက်ပြီး ပြောကြားရာတွင် ပြည်ထောင်စုမှ မည်သည့် အခါမှ ခွဲထွက်မည်မဟုတ်ကြောင်းကို ထည့်သွင်းပြောကြားခဲ့သည်။
ဧပြီလ ၂၉ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Malia Hotal တွင်ပြုလုပ်ခဲ့သော အနာဂတ် နိုင်ငံတော်တည်ဆောက်ခြင်း စကားဝိုင်းဆွေးနွေးပွဲတွင် ၄င်းက ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
`ပြည်ထောင်စုကိစ္စကတော့ဗျာ။ ကျွန်တော်တို့ လူကြီးတွေက ၁၉၄၇ခုနှစ် ပင်လုံစာချုပ် ချုပ်ပြီးတော့ရွေးချယ်ခဲ့တဲ့ဟာ ဖြစ်တာကို ကျွန်တော်တို့ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ကျွန်တော်တို့ငြင်းပယ်ခွင့်မရှိတော့ဘူး။ ဘက်ဂီယာလည်းမထိုးဘူးဗျာ။ နောက်ဆုံး၊ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ဆက်ပြီးသွားဖို့ပဲရှိတယ်` ဟု ဦးစိုင်းညွှန့်လွင်က ပြောကြားသည်။
ထိုသို့သွားသည့် အခါတွင် စိတ်ကောင်းစေတနာကောင်းထားကာ ပြည်ထောင်စုတစ်ခုလုံးကို ချစ်ပြီး၊ မိမိအတ္တနှင့် အဖွဲ့အစည်း၏ အတ္တကို ရှေ့တန်းမတင်ပါက ပြည်ထောင်စုကြီးပြိုကွဲစရာအကြောင်းမရှိဟုဆိုသည်။
`သံတမန်တစ်ယောက်ကမေးတယ်။ ခွဲထွက်ခွင့်ရှိသလားလို့ မေးတဲ့မေးခွန်းရှိပါတယ်။ ကျွန်တော်ပြောတယ်၊ ခွဲထွက်ချင်ရင်တောင်မှ ခွဲထွက်လို့မရပါဘူးလို့ ကျွန်တော်ဖြေခဲ့ဖူးပါတယ်။ ခြွင်းချက်မရှိဘူးလားတဲ့ ထပ်မေးတယ်။ ခြွင်းချက်ရှိတယ်။ အဲဒါဘယ်တော့လည်းဆိုတော့ တတိယကမ္ဘာစစ်ကြီး တစ်ကမ္ဘာလုံးဖြစ်ရင် ဖြစ်ချင်ဖြစ်မယ်။ ဆိုတော့ တတိယကမ္ဘာစစ်လည်း ဖြစ်စရာမရှိပါဘူး။ အဲဒီတော့ ကျွန်တော်တို့ ပြည်ထောင်စုလည်း ပြိုကွဲနိုင်စရာမရှိဘူးလို့ ကျွန်တော်ထင်ပါတယ်` ဟု ဦစိုင်းညွှန့်လွင်က ပြောကြားသည်။
အဆိုပါဆွေးနွေးပွဲမှာပင် NCA တွင် လက်မှတ်ရေးထိုးထားသော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) မှ ဗဟိုကော်မတီဝင် မိဆူးပွင့်က တပ်မတော်နှင့် အစိုးရကြားရင်ကြားစေ့ရန်လိုသလို တိုင်းရင်းသားများနှင့် ရင်ကြားစေ့ရေးကိုလည်း တစ်ပြိုင်နက်တည်း ဆောင်ရွက်သင့်သည်ဟုဆိုသည်။
`တပ်မတော်နဲ့ အစိုးရနဲ့ ရင်ကြားစေ့ဖိုလိုတယ်ဆိုတဲ့ကိစ္စ၊ အဲဒါကိုလက်ခံတယ်၊ တစ်ပြိုင်နက်တည်းမှာပဲ အနှစ် ၇၀ကျော်ပြည်တွင်းစစ်ဖြစ်နေတဲ့တိုင်းပြည်တစ်ခုမှာ တိုင်းရင်းသားတွေနဲ့ ရင်ကြားစေ့ကို တစ်ပြိုင်နက်တည်းလုပ်သင့်တယ် လို့ ကျွန်မယုံကြည်မှုကို ကျွန်မပြောသွားတာဖြစ်ပါတယ်` ဟု မိဆူးပွင့်က ပြောကြားသည်။
လက်ရှိနိုင်ငံရေးအသိုင်းအ၀ိုင်းတွင် အစိုးရသည် တပ်မတော်နှင့် ရင်ကြားစေ့ကိုသား ဦးစားပေးလုပ်ဆောင်နေပြီး တိုင်းရင်းသားများနှင့် ရင်ကြားစေ့ရေးကို လုပ်ဆောင်ခြင်းမရှိသေးကြောင်း ဝေဖန်မှုများလည်း ထွက်ပေါ်နေသည်။
အောင်ရဲနောင်
The Ladies News
0 comments:
Post a Comment