Tuesday, April 10, 2018

ဆေးများပိုနေသည်ဟုဖြေကြားချက် မပြည့်စုံ၍ ပြည်သူများအဆင်မပြေဖြစ်ခဲ့မှုကို ကျန်းမာရေး ဝန်ကြီးတောင်းပန်


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်တွင် ဧပြီလ ၁၀ ရက်က ပြုလုပ်သည့် ငြိမ်းချမ်းရေးစကားဝိုင်းတွင် ပြောကြားခဲ့သည်များနှင့်ပတ်သက်၍ အဆင်မပြေမှုများဖြစ်ပေါ်ခဲ့ပါက တောင်းပန်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ၎င်း၏ Facebook တွင် အင်္ဂလိပ်ဘာသာဖြင့် ရေးသားဖော်ပြထားသည်။

ငြိမ်းချမ်းရေးစကားဝိုင်းတွင် ဝန်ကြီးက “ဆေးမရတာကတော့ မဖြစ်နိုင်ပါဘူး။ တော်တော်များများမှာ အလျှံပယ်ပါ။ များလွန်အားကြီးလို့ မသုံးနိုင်တဲ့အတွက် Expired တောင်ဖြစ်တဲ့ဆေးတွေတောင် ကျွန်တော်တို့ တွေ့ပါတယ်။ ဒီနှစ်မှာ ဆေးဝယ်တဲ့အထဲက ပိုက်ဆံတွေ တော်တော်များများပိုပါတယ်။ မရဘူဆိုတာတော့ မရှိပါဘူး”ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းပြောကြားချက်ကြောင့် ပြည်သူအချို့က ဝန်ကြီးသည် အောက်ခြေရှိ ပကတိအခြေအနေနှင့် ကင်းကွာသည်သည်ဟု ယူဆကြပြီး အချို့ကလည်း ပြီးခဲ့သည့်အစိုးရလက်ထက်နှင့်နှိုင်းယှဉ်ပါက ဆေးဝါးရရှိမှုသည် ပိုမိုများပြားလာသည်ဟု ပြောဆိုကြသည်လည်းရှိသည်။

ငြိမ်းချမ်းရေးစကားဝိုင်းတွင် ပြောကြားခဲ့သည်များကို ပြည်သူအချို့မကြိုက်ကြောင်း ဝန်ထမ်းများက လာပြော၍ သိရှိခဲ့ရပြီးနောက် ပြန်စဉ်းစားရာတွင် ဖြေကြားခဲ့မှုများမှာ မပြည့်စုံမှု ၊ မတိကျမှုများရှိနေပြီး ယင်းအတွက် စိတ်ကျေနပ်မှုမရခဲ့ကြောင်း ဝန်ကြီး၏ Facebook တွင် ရေးသားထားသည်။

၎င်း၏ပြောစကားကြောင့် ပြည်သူများ အဆင်မပြေမှုဖြစ်ခဲ့သည်များကို တောင်းပန်ကြောင်း ဝန်ကြီးက ဆိုသည်။

သို့သော်လည်း နိုင်ငံအကျိုးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသ၍ ဆောင်ရွက်သွားမည်ဟု ဝန်ကြီး၏ Facebook တွင် ရေးသားထားသည်။

Photo : Myint Htwe's FB
The Voice Journal

0 comments:

Post a Comment