Tuesday, April 10, 2018

ချန်ပီယံလိဂ်တွင် ရိုးမားနှင့် လီဗာပူးတို့ နောက်တစ်ဆင့်တက်


ရိုးမားနှင့် လီဗာပူးတို့သည် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့် ဒုတိယအကျော့ပွဲစဉ်များတွင် ပြိုင်ဘက်များကို အသီးသီး အနိုင်ယူ၍ ဆီမီးဖိုင်နယ်အဆင့်သို့ ဆက်လှမ်းတက်လှမ်းသွားခဲ့ပြီဖြစ်ကာ ရိုးမားမှာ ပထမအကျော့၌ လေးဂိုး တစ်ဂိုးဖြင့် ဂိုးပြတ်ရှုံးနိမ့်ထားသည်ကို ပြောင်းပြန်လှန်၍ ဆီမီးဖိုင်နယ်အဆင့်သို့ ရောက်သွားခဲ့ခြင်းဖြစ်ကြောင်း BBC က ဖော်ပြထားသည်။

ရိုးမားသည် ပထမအကျော့ရလဒ်ကို ချေဖျက်ရန်အတွက် ဘာစီလိုနာကို အိမ်ကွင်း၌ တရစပ်ဖိအားပေးသွားခဲ့ကာ ပွဲအစ ခြောက်မိနစ်၌ပင်လျှင် အဖွင့်ဂိုးရယူနိုင်ခဲ့ပြီး ယင်းဂိုးကို တိုက်စစ်မှူး ဂျက်ကိုက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။

ဘာစီလိုနာသည် အဖွင့်ဂိုးပေးလိုက်ရအပြီးတွင် ချေပဂိုးပြန်လည်ရယူနိုင်ရန် တိုက်စစ်ဖွင့်ကစားသွားခဲ့သော်လည်း ကန်ချက်အလွဲအမှားများရှိခဲ့ပြီး ရိုးမားခံစစ်မှူးများက ဘာစီလိုနာတိုက်စစ်၏အဓိကကစားသမားများကို အမှားအယွင်းမရှိ လူကပ်ထိန်းချုပ်နိုင်ခဲ့သည်မှာလည်း ဘာစီလိုနာ အရှုံးရလဒ်ဖြင့် ကြုံဆုံလိုက်ရသည့် အဓိကအကြောင်းရင်းတစ်ရပ်ပင်ဖြစ်သည်။

ဘာစီလိုနာခံစစ်မှူး ပီကေးသည် ဒုတိယပိုင်း ပွဲကစားချိန် ၅၈ မိနစ်တွင် ရိုးမားတိုက်စစ်မှူး ဂျက်ကိုကို ပင်နယ်တီဧရိယာအတွင်း၌ ခြေချိတ်လှဲခဲ့မိသည့်အတွက် ရိုးမားအသင်း ပင်နယ်တီအခွင့်အရေးတစ်ရပ်ရသွားခဲ့ကာ ယင်းပင်နယ်တီကို ဝါရင့်ကွင်းလယ်ကစားသမား ဒီရော့စီက တည်တည်ငြိမ်ငြိမ် ကန်သွင်း၍ ရိုးမားအတွက် ဒုတိယမြောက်ဂိုးအဖြစ် ပြောင်းလဲပေးသွားခဲ့သည်။

ရိုးမားသည် ပွဲကစားချိန် ၈၂ မိနစ်တွင် နောက်တစ်ဆင့်သို့ ဆက်လက်တက်လှမ်းနိုင်စေမည့် အဖိုးတန် တတိယမြောက်ဂိုးကို ထပ်မံရယူနိုင်ခဲ့ကာ ယင်းဂိုးကို နောက်ခံလူ မာနိုလတ်စ်က သွင်းယူပေးသွားခဲ့ခြင်းဖြစ်သည်။

ရိုးမားသည် ပထမအကျော့တွင် လေးဂိုး တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော်လည်း ဒုတိယအကျော့တွင် သုံးဂိုး ဂိုးမရှိဖြင့် ပြန်လည်အနိုင်ရလိုက်သည့်အတွက် နှစ်ကျော့ပေါင်းရလဒ် လေးဂိုးစီ သရေဖြစ်သွားခဲ့ပြီး ရိုးမားက အဝေးဂိုးစည်းမျဉ်းအရ နောက်တစ်ဆင့်တက်ခွင့်ကို ပိုင်ဆိုင်ရရှိသွားခဲ့ခြင်းဖြစ်သည်။

လီဗာပူးသည် ပထမအကျော့၌ သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ရထားခဲ့သော မန်စီးတီးကို ဒုတိယအကျော့တွင်လည်း အဝေးကွင်း၌ နှစ်ဂိုး တစ်ဂိုးဖြင့် ဆက်လက် အနိုင်ရယူခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် ငါးဂိုး တစ်ဂိုးဖြင့် အောင်ပွဲခံကာ ဆီမီးဖိုင်နယ်အဆင့်သို့ ဆက်လက် တက်လှမ်းသွားနိုင်ခဲ့ခြင်းဖြစ်သည်။

မန်စီးတီးသည် ပွဲအစ နှစ်မိနစ်၌ တိုက်စစ်မှူး ဂါဘရီရယ်လ်ဂျီးဆပ်စ်၏အဆုံးသတ်သေချာမှုနှင့်အတူ အဖွင့်ဂိုး စတင်သွင်းယူနိုင်ခဲ့သော်လည်း ယင်းဂိုးကို ပွဲကစားချိန် ၅၆ မိနစ်တွင် လီဗာပူးတိုက်စစ်မှူး ဆာလားဟ်က ပြန်လည်ချေပသွားခဲ့ပြီး လီဗာပူးအတွက် အနိုင်ဂိုးကို ပွဲကစားချိန် ၇၇ မိနစ်တွင် အခြားသောတိုက်စစ်မှူးတစ်ဦးဖြစ်သည့် ဖာမင်ညိုက ရယူပေးသွားခဲ့ခြင်းဖြစ်သည်။

The Voice

0 comments:

Post a Comment