Tuesday, April 10, 2018

လေပြင်းတိုက်ခတ်မှုကြောင့် ပထမဆုံး တရုတ်ဧကရာဇ်၏ ရုပ်တုကြီး မြေပြင်ပေါ်သို့လဲကျ


တရုတ်နိုင်ငံအရှေ့ပိုင်း စန်တုံပြည်နယ်ရှိ ကမ္ဘာလှည့်ခရီးသွားများကြားတွင် ကျော်ကြားသော နေရာတစ်ခု၌ အားကောင်းသည့် လေပြင်းတိုက်ခိုက်မှုကြောင့် တရုတ်၏ ပထမဆုံး ဧကရာဇ်ချင်စီဟွမ်၏ ကြီးမားလှသော ပုံတူရုပ်တုကြီးမှာ လဲကျသွားခဲ့ရသည်။

ကြေးရုပ်တုကြီးသည် မြေပြင်သို့ မျက်နှာဖြင့် လဲကျခဲ့ခြင်းဖြစ်သဖြင့် ဧကရာဇ်၏ မျက်နှာမှာ ပြားချပ်သွားခဲ့သည်ဟု အစိုးရသတင်းစာ Global Times တွင် ဖော်ပြခဲ့သည်။ “ဒီလိုကိစ္စမျိုးဟာ လူတွေကို ဖုံးထားလို့ မရဘူး။ အခုဆိုရင် လူတိုင်းမှာ ဖုန်းတွေ ရှိနေကြပြီ။ ဒါကို ဘယ်လိုဖုံးကွယ်ထားနိုင်မှာလဲ” ဟု အလုပ်သမားတစ်ဦးက Global Times သို့ ပြောကြားခဲ့သည်။

၁၉ မီတာ ( ၆၂ ပေ) မြင့်သော ချင်စီဟွမ်ပုံတူ ကြေးရုပ်တုကြီးသည် ဧပြီ ၆ ရက်က လေပြင်းကြောင့် ယင်း၏ အောက်ခံခုံမှ ပြုတ်ထွက်၍ လဲကျသွားခဲ့သည်။ ခြောက်တန် အလေးချိန်ရှိသော ထိုရုပ်တုကြီးကိုသယ်ရန် ၀န်ချီစက်များချက်ချင်း ရောက်လာခဲ့ကြသည်ဟု နိုင်ငံပိုင်သတင်းစာ People Daily တွင် ဖော်ပြခဲ့သည်။ ထိုဖြစ်စဉ်အတွင်း ဒဏ်ရာရသွားသူ မရှိခဲ့ပေ။

သတင်းဓာတ်ပုံများထဲ၌ ထိုရုပ်တုကြီး၏ ဟောင်းလောင်းပေါက်ဖြစ်နေသော အတွင်းပိုင်းနှင့် အထဲသို့ထည့်ထားသော သတ္တုတိုင်များကို တွေ့ခဲ့ရသည်။

ဒေသတွင်း ခရီးသွားအပန်းဖြေစခန်းတစ်ခုဖြစ်သော ချင်စီဟွမ်ဥယျာဉ်သို့ ခရီးသည် များကိုဆွဲဆောင်ရန်အတွက် ထိုရုပ်တုကြီးကို လွန်ခဲ့သည့် ၁၃ နှစ်ဖြစ်သော ၂၀၀၅ ခုနှစ် စက်တင်ဘာလက တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ထိုရုပ်တုကြီးသည် ချင်စီဟွမ်၏ ရုပ်တုများအနက် ကမ္ဘာ့အကြီးဆုံးဟု ဆိုထားသည်။

တရုတ်လူမှုမီဒီယာအသုံးပြုသူ အချို့ကမူ ယင်းဖြစ်စဉ်သည် ရာသက်ပန်အာဏာ ချုပ်ကိုင်ရန် တရုတ်သမ္မတရှီကျင်ပင်းအား သတိပေးခြင်းဖြစ်နိုင်သည်ဟု အရိပ်အမြွက် ပြောခဲ့ကြသည်။ “ဧကရာဇ်ချင်ဟာ အာဏာရှင်စနစ်နဲ့ ပတ်သက်ပြီးတို့ကို တစ်ခုခု ပြောချင်ပုံရတယ်” ဟု အသုံးပြုသူတစ်ဦးက ရေးသားခဲ့သည်။ နောက်တစ်ဦးကလည်း  “တို့တတွေ သမိုင်းကနေ ပညာယူသင့်တယ်။ ဟုတ်တယ်မလား” ဟု ရေးခဲ့သေးသည်။

ချင်စီဟွမ်သည် တရုတ်နိုင်ငံမှ စစ်ဖြစ်နေသော အုပ်စုများကို ပထမဆုံးစုစည်းပြီး ချင်မင်းဆက် (၂၂၁-၂၀၆ ဘီစီ) ကို တည်ထောင်ခဲ့သူ ဖြစ်သည်။ ချင်စီဟွမ်သည် တရုတ်၏ မဟာတံတိုင်းကြီး၏ ပထမအပိုင်းကို ဆောက်လုပ်ခဲ့သူလည်း ဖြစ်သည်။ ၎င်း၏ အုတ်ဂူသည် ထင်ရှားသော မြေနီရောင်စစ်သားရုပ်တု ထောင်ပေါင်းများရှိသည့်နေရာတွင် တည်ရှိသည်။

Ref ; AFP
Eleven Media Group

0 comments:

Post a Comment