Saturday, April 14, 2018

အိမ်ရာစီမံကိန်း ဆောက်လုပ်ရန်အတွက် မြရိပ်ညိုဝင်းအတွင်းရှိ မြို့တော်ဝန်အိမ် မလွတ်ကင်းသဖြင့် ဖျက်လိုက်ပြီ


အိမ်ရာစီမံကိန်း ဆောက်လုပ်ရန်အတွက် ဗဟန်းမြို့နယ်၊ မြရိပ်ညိုဝင်းအတွင်းရှိ မြို့တော်ဝန်အိမ်ကို စီမံကိန်းနှင့် မလွတ်ကင်းဟုဆိုကာ ဖျက်လိုက်ပြီဖြစ်ကြောင်း ဗဟန်းမြို့နယ် အမှတ်(၂) မဲဆန္ဒနယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသောင်းထွဋ် က ဧပြီလ ၇ ရက်တွင် အကုန်သိ သတင်းဌာနကို ပြောဆိုလိုက်သည်။

အဆိုပါ အိမ်ရာ စီမံကိန်းကို ဇေကမ္ဘာကုမ္ပဏီမှ ဆောက်လုပ်ခွင့် ရရှိခြင်းဖြစ်ပြီး ယခုဆောက်လုပ်မည့် မြရိပ်ညို အိမ်ရာစီမံကိန်းနှင့် အနီးတွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၉ မြို့နယ်ကို ရေပေးဝေနေ သည့် ရေလှောင်ကန်ကြီး တစ်ခုရှိကြောင်းသိရသည်။

ယင်းရေလှောင်ကန်ကြီးသည် အင်္ဂလိပ်လက်ထက်ကပင် တည်ဆောက်ထားခြင်းဖြစ်ပြီး စီမံကိန်း ဆောင်ရွက်လိုပါက ရေလှောင်ကန်ကြီးကို မထိခိုက်အောင် ဆောင်ရွက်နိုင်မှသာလျှင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံကိန်းကို ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ၄င်းက ပြောသည်။

“ မြို့တော်ဝန်အိမ်က မြရိပ်ညိုဝင်းထဲမှာဆိုတော့ စီမံကိန်းနဲ့ မလွတ်လို့ ဖျက်လိုက်တယ်။ သူတို့ဆောက်မယ့် စီမံကိန်းနဲ့ တစ်လမ်းကျော်အကွာ စည်ပင်ဝင်းထဲမှာရှိတဲ့ ရေလှောင်ကန်ကြီးကို မထိခိုက်အောင် လုပ်ပေးနိုင်မှ သူတို့စီမံကိန်းကို လုပ်ခွင့်ပြုမယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က ညွှန်ကြားထားတာရှိတယ်။ နေ့တိုင်းလည်း သူတို့ လုပ်ငန်းခွင်ကို ပညာရှင်တွေ၊ စည်ပင်သာယာ က တာဝန်ရှိတဲ့လူတွေ အမြဲတမ်း သွားစစ်ဆေးတယ်။ လုပ်ငန်းလုပ်ကိုင်တဲ့အခါ ရေလှောင်ကန်ကြီးကို ထိခိုက်မှု ရှိမရှိကို ကြည့်တယ်။ ဒီလို ထိခိုက်မှု မရှိဘူးဆိုတာကို ဧပြီလ ၃၀ ရက် နောက်ဆုံးထားပြီး စည်ပင်ကို တင်ပြရမယ်။ ပြီးမှ လုပ်ငန်းလုပ်ကိုင်ဖို့ ခွင့်ပြုသွားမှာပါ ” ဟု ဦးသောင်းထွဋ် က ပြောသည်။

မြရိပ်ညိုဝင်း အတွင်းရှိ အိမ်ရာစီမံကိန်း လုပ်ကိုင်ခွင့်ကို ဇေကမ္ဘာကုမ္ပဏီ တစ်ခုတည်းကပင် လုပ်ပိုင်ခွင့် ရရှိထားပြီး တရုတ်နိုင်ငံမှ ထိပ်တန်းအဆင့်ရှိဆောက်လုပ်ရေးကုမ္ပဏီတစ်ခုမှ တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါ မြရိပ်ညိုဝင်းအတွင်း တည်ဆောက်မည့် အိမ်ရာစီမံကိန်းတွင် ၂၄ ထပ်အမြင့်ရှိသည့် အထပ်မြင့် အဆောက်အဦ ၁၂ လုံးနှင့် လုံးချင်းအိမ်ရာများလည်း ပါဝင်မည်ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

အောင်သူရိန်
AKonThi

0 comments:

Post a Comment