Saturday, April 14, 2018

ကဗျာဝကမ်းခြေတွင် ဆောင်းဘောက်ကျယ်လောင်စွာဖွင့်လို့ တားမြစ်ရာမှ ပဋိပက္ခဖြစ်၊ ရဲ ၃ ဦး ဒဏ်ရာရ


မွန်ပြည်နယ် ရေးမြို့နယ်၊ ကဗျာဝကျေးရွာ၊ ကဗျာဝကမ်းခြေအနီး အုပ်ချုပ်ရေးမှူးရုံးအနီးမှာ သင်္ကြန်အကျနေ့ နေ့လယ်ပိုင်းက ဆောင်းဘောက်အသံကျယ်လောင်စွာ ဖွင့်ထားတာကို တားမြစ်ရာကနေ ပဋိပက္ခဖြစ်ပွားခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး  သေနတ်ပစ်ဖောက် လူစုခွဲခဲ့ရရပါတယ်။

ကမ်းခြေမှာရှိတဲ့ ဆိုင်တွေကို ပွဲတော်ကာလအတွင်း အများပြည်သူ စိတ်အနှောင့်အယှက်မဖြစ်ပေါ်စေဖို့ ကားနဲ့ မော်တော်ဆိုင်ကယ်တွေ မ၀င်ရောက်စေရေးအတွက် အုပ်ချုပ်ရေးမှူးရုံးက ဆိုင်ပိုင်ရှင်တွေနဲ့ တွေ့ဆုံနေစဉ် အနီးရှိမဏ္ဍပ်မှ ဆောင်းဘောက်အသံကျယ်လောင်စွာဖွင့်ထားလို့ တားမြစ်ခဲ့ပေမယ့် မရလို့ ကမ်းခြေလုံခြုံရေးတာဝန်ကျရဲတပ်ဖွဲ့ဝင်တွေက ကူညီပြောဆိုခဲ့ရာ ပြေလည်မှုရရှိခဲ့ပါတယ်။

အဲဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ခေါဇာမြို့စခန်းမှူးနဲ့အဖွဲ့ လာရောက်ပူးပေါင်းစဉ် အဆိုပါရေကစားမဏ္ဍပ်မှ လူငယ် ၂၀ ဦးလောက်က ဆိုင်ကယ် ၁၀ စီးနဲ့ တုတ်၊ ဓားများကိုင်ဆောင်ကာ ကမ်းခြေအတွင်း ၀င်ရောက်သောင်းကျန်းခဲ့ကြတယ်လို့ ကျေးရွာ တာဝန်ရှိသူတဦးက ပြောပါတယ်။

အဲဒီထဲက လူငယ် ၂ ဦးအား အုပ်ချုပ်ရေးမှူးရုံးကိုခေါ်လာစဉ် မျက်နှာဖုံးတပ်ဆင်ထားသူ အများစုပါဝင်တဲ့ လူငယ် ၃၀ လောက်က တုတ်၊ ဓားတွေကိုင်ဆောင်ကာ လိုက်လာခဲ့ကြပြီး အုပ်ချုပ်ရေးမှူးရုံးအား ခဲတွေနဲ့ ပစ်ပေါက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

လူငယ် ၂ ဦးအား ပြန်လွှတ်ပေးခဲ့ပေမယ့် အုပ်ချုပ်ရေးရုံးအား ခဲတွေ၊ ပုလင်းတွေနဲ့ ထပ်မံပစ်ခတ်ခဲ့တာကြောင့် ခေါဇာနယ်မြေစခန်းမှူးအပါအ၀င် ရဲတပ်ဖွဲ့ဝင် ၃ ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြလို့ ရဲတပ်ဖွဲ့ဝင်တဦးက သေနတ်တစ်ချက်ပစ်ဖောက်ပြီး လူစုခွဲခဲ့ရတယ်လို့  ကျေးရွာ တာဝန်ရှိသူက ပြောပါတယ်။

အဆိုပါဖြစ်စဉ်ကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးရုံး ဆိုင်းဘုတ်၊ ရုံးခေါင်းမိုးသွပ် ၆ ချပ်နဲ့ ကွန်ကရစ်တိုင်တချောင်း ကျိုးပဲ့ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

သင်္ကြန်အကျနေ့က ကဗျာဝကမ်းခြေကို ဒေသတွင်းနဲ့ ပြည်တွင်းပြည်ပခရီးသည် ၂၀၀၀ ကျော် လာရောက်လည်ပတ်ခဲ့ကြပါတယ်။

သတင်း – ၀င်းနိုင်သက်
DVB


0 comments:

Post a Comment