Tuesday, June 26, 2018

ဦးသိန်းစိန်လက်ထက်က စီးပွားရေးတိုးတက်ခဲ့သော်လည်း အများပိုင်ကုမ္ပဏီ ၂၀၀ ကျော်ထဲမှ အောင်မြင်သည့်တစ်ခုပြပါဟု မစ္စတာဆာ့ခ်ျပန်းပြော


သမ္မတဦးသိန်းစိန်လက်ထက်က စီးပွားရေးလုပ်ငန်းများတိုးတက်ခဲ့သည်မှာ ငြင်းစရာမလိုသောအချက်ဖြစ်သော်လည်း ယင်းကာလမှာပင် အများပိုင်ကုမ္ပဏီပေါင်း ၂၀၀ ကျော်ဖွဲ့ စည်းနိုင်ခဲ့သည့်အထဲမှ မည်သည့်ကုမ္ပဏီက အောင်မြင်ခဲ့ဖူးသနည်းဟု အိမ်ခြံမြေသူဌေးကြီး မစ္စတာ ဆာ့ခ်ျပန်းက မေးခွန်းထုတ်လိုက်သည်။ 

၂၀၁၀ ရွေးကောက်ပွဲအနိုင်ရပြီး အစိုးရတာဝန်ကိုထမ်းဆောင်ခဲ့သော ပြည်ခိုင်ဖြိုးပါတီ၏ သမ္မတ ဦးသိန်းစိန် ဦးဆောင်ခဲ့သည့် ငါးနှစ်အတွင်း၌ ယခင်ကာလများနှင့်ယှဉ်လျှင် စီးပွားရေးတိုးတက်ခဲ့ပြီး လက်ရှိအစိုးရလက်ထက်တွင် သမ္မတဟောင်းဦးသိန်းစိန်လက်ထက် တိုးတက်ခဲ့မှုမျိုးကို မမြင်ရသေးကြောင်းလည်း ဦးသိမ်းဝေက ဇွန်လ ၂၃ ရက်တွင် ကျင်းပခဲ့သည့် NYDC ဆွေးနွေးပွဲ၌ ပြောကြားသည်။ " ကျွန်တော်တော့ ဒီလိုမြင်တယ်။ အထူးသဖြင့် သမ္မတကြီး ဦးသိန်းစိန် အစိုးရငါးနှစ်မှာ ကျွန်တော်တို့ စီးပွားရေးတွေ အများကြီးတိုးတက်သွားတယ်။ ဒါက အမှန်ပဲ ။ ဒါကို ဘယ်သူမှလည်း မဟုတ်ဘူးလို့ ပြောလို့ မရဘူး။ အဲဒီ ငါးနှစ်အတွင်းမှာ ကျွန်တော်တို့ တွေ ထွက်လာတဲ့ Public Company ဆိုတဲ့မူနဲ့ ထွက်လာတာ အနည်းဆုံး ကုမ္ပဏီ ၂၀၀ ကျော်ရှိတယ်။ လူတိုင်းက Public Company ပဲ။ ဒီမြို့ ကလည်း Public Company ၊ ဒီတိုင်းကလည်း Public Company ။ အမျိုးစုံ Public Company တွေ။ ဘယ်နှစ်ဦး ဘယ်နှစ်ခုက အောင်မြင်သလဲဆိုတာ စစ်ဆေးကြည့်ပါ။ နည်းပါတယ် " ဟု ဦးသိမ်းဝေက မေးခွန်းထုတ်သည်။ ယင်းကဲ့သို့ မအောင်မြင်ရခြင်းမှာလည်း ငွေအနည်းငယ်ရှိသည့်ပုဂ္ဂိုလ်မှစ၍ လူတိုင်းလိုလိုက Public Company တွင် ပါချင်ကြကြောင်း၊ ငွေရေးကြေးရေးတွင် လုံလောက်သောအနေအထားမျိုးမဟုတ်ခဲ့သည့်အပြင် တိကျသော ဆုံးဖြတ်လုပ်ကိုင်မှုများ မရှိခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ပြောကြားသည်။

" ကျွန်တော် နားမလည်ဆုံးက တစ်ယောက်က Public Company ထောင်လိုက်တယ်။ တစ်ယောက်က (၁)ရာခိုင်နှုန်းလောက်ငွေလေးထည့်ပြီးတော့ အကုန်လုံးက BOD က လူ(၃၀)လောက်ရှိတယ်။ ဆုံးဖြတ်ကြပါဆိုတော့ အငြင်းပွားနေတာနဲ့ ပဲ အလုပ်ကမဖြစ်ဘူး " ဟု ဦးသိမ်းဝေက ပြောသည်။ ယင်းကဲ့သို့ လူများစွာ ၀ိုင်းအုံပြီး ဆုံးဖြတ်နေရသော အများပိုင်ကုမ္ပဏီမျိုးထက် တစ်ဦးတစ်ယောက်တည်းက ဆုံးဖြတ်၍ လုပ်ငန်းကို ထိထိမိမိအကောင်အထည်ဖော်သော လုပ်ငန်းမျိုးသာဖြစ်သင့်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။ 

အေ၀ိုင်အီး(အကုန်သိသတင်းဌာန)


0 comments:

Post a Comment