Friday, June 22, 2018

အခြေခံပညာကို သင်ယူပြီးမြောက်မှသာ တက္ကသိုလ်ပညာ ရပ်များကို သင်ယူနိုင်သည့် အဆင့်ရောက်ရှိအောင် စနစ်သစ်ပညာ ရေးကို ကူးပြောင်းဆောင်ရွက်လျက် ရှိဟုဆို


လတ်တလောတွင် စနစ်သစ် ပညာရေးကို ပြုပြင်ပြောင်းလဲ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကာလဖြစ်သည့်အတွက် ပြည်သူများ မျှော်လင့်နေသည့် နိုင်ငံတကာအဆင့်မီ လူငယ်မောင်မယ် များကို ပြုစု ပျိုးထောင်သည့်အခါတွင် အခြေခံပညာကို သင်ယူပြီးမြောက်မှသာ တက္ကသိုလ်ပညာ ရပ်များကို သင်ယူနိုင်သည့် အဆင့်ရောက်ရှိအောင် စနစ်သစ်ပညာ ရေးကို ကူးပြောင်းဆောင်ရွက်လျက် ရှိကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဇွန်လ ၂၁ ရက်တွင် ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် အမျိုးသားပညာရေး မူဝါဒ ကော်မရှင်၏ ၆လတာကာလအတွင်း လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားစဉ် ယင်းသို့ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ပညာရေး ပြုပြင်ပြောင်းလဲမှုများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အမျိုးသားပညာရေး ဥပဒေ ၂၀၁၄နှင့် အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေ ၂၀၁၅ တို့နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း ၂၀၁၆ - ၂၀၂၁ တွင် ဖော်ပြထားသည့် ဦးစား ပေးလုပ်ငန်းစဉ်များနှင့် မဟာဗျူဟာစီမံကိန်း လုပ်ငန်းများကို ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ 

ကျောင်းသားကျောင်းသူ တိုးတက်မှု ဦးရေကို ၃နှစ်တာကာလ နှိုင်းယှဉ်မည် ဆိုပါက ၂၀၁၅ -၂၀၁၆ ပညာသင်နှစ်တွင် ၈ ဒသမ ၆သန်းကျော်၊ ၂၀၁၆ - ၂၀၁၇ ပညာ သင်နှစ်တွင် ၈ ဒသမ ၈၉ သန်းနှင့် ၂၀၁၇ - ၂၀၁၈ ပညာသင်နှစ်တွင် ၉ ဒသမ ၁၇သန်း အထိ ဖြစ်ပါကြောင်း၊ ကျောင်းအဆင့် တိုးမြှင့်ဖွင့်လှစ်ပေးနိုင်ခဲ့သည့် အပြင် အဓိက အခက်အခဲရှိ နေသည့် ဒေသများကို ဦးစားပေး ဖြည့်ဆည်းပေးနိုင်ခဲ့သည့် အတွက် ကျောင်းသား၊ ကျောင်းသူဦးရေ တိုးတက် များပြားလာသကဲ့သို့ နှစ်အလိုက် အတန်းကူးပြောင်းမှု အခြေအနေသည်လည်း အလယ်တန်း၊ အထက်တန်း၌ ကျောင်းသား၊ ကျောင်းသူ ဦးရေ သိသိသာသာ တိုးတက်များပြားလာသည်။

ဝန်ကြီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများကို သင်ယူမှု အခွင့်အလမ်း ရရှိရုံ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်းသာ မဟုတ်ဘဲ သင်ယူမှု အခွင့်အလမ်း မြင့်မားလာသကဲ့သို့ ပညာရေးအရည်အသွေး မြင့်မားစေရန်အတွက် ဆရာ၊ဆရာမများကို သင်တန်းပေးခြင်း၊ ဘာသာရပ်ဆိုင်ရာ အရည်အသွေးများ မြှင့်တင် ပေးခြင်း၊ သင်ရိုးညွှန်းတန်းများ ပြုပြင်ပြောင်းလဲခြင်း၊ ကျောင်းသုံးဖတ်စာအုပ်များ အသစ်ပြုစု ဖြန့်ဝေပေးခြင်း၊ သင်ထောက်ကူပစ္စည်းများ ဖြည့်ဆည်းပေးခြင်း၊ ဆရာ၊ ဆရာမများကို မွမ်းမံသင်တန်းများ ပေးခြင်းနှင့် မူလတန်းပညာ သင်ယူနေသူအားလုံးကို မူလတန်းပညာ သင်ယူပြီးမြောက်ရေးအတွက် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းပါ အတိုင်းကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

သင်ယူမှုအားကောင်းစေရန်နှင့် တစ်သက်တာ သင်ယူနိုင်စေရန် နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိသော ကျောင်းသား၊ ကျောင်းသူ များအဖြစ် ပြုစုပျိုးထောင်နိုင်ရန် ကလေးများကို ကာယ၊ ဥာဏ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး ကလေးငယ်များ ကို ပြုစုပျိုးထောင်မည့် ဆရာ၊ဆရာမ များ၏ အရည်အသွေး မြင့်မားရေးနှင့် ကျား၊မ အချိုးမျှတရေး၊ သင်တန်းများ တိုးချဲ့ရေး၊ Grade 3 ပြီးသွားသည့် မူလတန်း ကျောင်းသား ကျောင်းသူတိုင်း စာဖတ်နိုင်၊ ရေးနိုင်၊ တွက်နိုင်မှသာ တစ်သက် တာ ဆက်လက် သင်ယူနိုင်သူများ ဖြစ်လာမည် ဖြစ်သည်။

အရိုးစွဲနေသည့် အလွတ်ကျက်မှတ်မှုမှ စဉ်းစားတွေးခေါ်မှုကို အားပေးမြှင့်တင် နိုင်စေရန် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် သင်ယူသူများအားလုံး စာဖတ်ရန်နှင့် အသုံးချသုတေသန များကို ဆောင်ရွက်ပြီး သုတေသန ရလဒ်များမှ သုတေသန စာတမ်းများ ပြုစုခြင်း၊ သုတေသန စာတမ်းဖတ်ကြားခြင်း၊ သုတေသန ဂျာနယ်များတွင် ရေးသားပြုစုပြီး နက်နက်နဲနဲ သင်ကြားသင်ယူရင်း Deep Learning ကို ဆရာနှင့် သင်ယူသူတို့ များများဆွေးနွေး နိုင်မှသာ Quality Education ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည် ဖြစ်သကဲ့သို့ သက်မွေးပညာရေးနှင့် လေ့ကျင့်ရေး အနေဖြင့်လည်း ပထမတန်းစား ပညာရေးဖြစ်မှသာ လုပ်သားဈေးကွက် အတွင်းတွင် ယှဉ်ပြိုင်နိုင်စွမ်း ရှိသည့် ကျွမ်းကျင်သူများကို ပြုစုပျိုးထောင်ပေးနိုင်မည် ဖြစ်သည့် အပြင် Quality Education ကိုဦးတည်တိုးချဲ့ အကောင်အထည်ဖော် ဆောင်ရွက်သည့်အခါတွင် ပညာရေးဝန်ကြီးဌာန အနေဖြင့် မိဘများ၊ ဆရာများ၊ ပြည်သူများ၊ တိုင်းဒေသကြီး ၊ ပြည်နယ်အစိုးရ အဖွဲ့များ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ စုပေါင်း အင်အားဖြင့်သာ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်မည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ရှင်းလင်းပြောကြားခဲ့သည်။

The Ladies News

0 comments:

Post a Comment