Tuesday, June 26, 2018

မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ ဧရာဝတီ မြစ်ဆုံမြစ်ညာမြစ်ဝှမ်း လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်၏ အစီရင်ခံစာကို နိုင်ငံတော်သမ္မတရုံးသို့ တင်ပြထားဆဲဖြစ်ကြောင်း ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြောကြား


ဧရာဝတီမြစ်ညာမြစ်ဝှမ်း လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်၏ အစီရင်ခံစာကို လွန်ခဲ့သည့် ငါးလခန့် ကတည်းက နိုင်ငံတော်သမ္မတရုံးသို့ တင်ပြထားကြောင်း ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ပြောကြားသည်။

ဧရာဝတီ မြစ်ညာမြစ်ဝှမ်း လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က “မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်လို့ သမ္မတရုံးကို ကော်မရှင်အဖွဲ့က လွန်ခဲ့တဲ့ ငါးလလောက်ကတည်းက တင်ပြပြီး ဖြစ်ပါတယ်။ ဘာမှ အကြောင်းပြန်တာတွေ မရှိသေးပါဘူး။ အဲဒီအခြေအနေပါပဲ။ အကြိမ်ကြိမ် အစည်းအဝေးလုပ်ပြီး နိုင်ငံတော်သမ္မရုံးကို တင်ပြရတာပါ။ ကြားမိသလောက် နိုင်ငံတော်သမ္မတ ရုံးကလည်း နိုင်ငံတကာ ရှေ့နေတွေ၊ အဖွဲ့တွေနဲ့ ဆွေးနွေးတိုင်ပင်ရတဲ့ အနေအထား ရှိနေတဲ့အတွက် မပြီးသေးဘူးနဲ့ တူပါတယ်။ ပြီးရင်တော့ ဘယ်လိုလုပ်မယ်ဆိုတာ အဖြူအမည်းသိရမှာ ဖြစ်ပါတယ်” ဟု ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ နှစ်နှစ်ပြည့် ရှင်းလင်းပွဲတွင် ပြောကြားသည်။

ဧရာဝတီမြစ်ဆုံ ရေကာတာ စုံစမ်းစစ်ဆေးရေး ကော်မတီကို ၂၀၁၆ ခုနှစ် သြဂုတ် ၁၂ ရက်က ဖွဲ့စည်းခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ခဲ့ပြီး ထိုစဉ်က ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ ဦးတီခွန်မြတ်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ကာ ကချင်ပြည်နယ်မှ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် ဥပဒေပညာရှင် ဒေါ်မေရီမေနမ် ပါဝင်ကြောင်း သိရသည်။

ဧရာဝတီ မြစ်ဆုံမြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင် ၁၂ ဦးသည် မြစ်ကြီးနားမြို့သို့ ၂၀၁၆ ခုနှစ် စက်တင်ဘာ ၁၅ ရက်မှ ၁၈ ရက်အထိ လေးရက်ကြာ ကွင်းဆင်းလေ့လာခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး He Hong Liang နှင့် ကောင်စစ်ဝန်ချုပ် Mr. Wang Yu တို့ပါဝင်သည့် ၁၁ ဦးအဖွဲ့သည် ၂၀၁၆ ခုနှစ် ဇွန် ၃ ရက် ကချင်ပြည်နယ် ခရီးစဉ်အတွင်း မြစ်ဆုံဆည် စီမံကိန်းကို ပြန်လည်ပြုလုပ်လိုကြောင်း၊ ပြည်ထောင်စုအစိုးရက လူထု၏ ဖြေရှင်းချက်ကို အကြံဥာဏ်ရယူပြီး ညှိနှိုင်းတိုင်ပင် စေလိုကြောင်း၊ မြန်မာပြည်သူလူထုနှင့် ဆက်သွယ်မှုများ လုပ်ရဦးမည် ဖြစ်ကြောင်း ပြောကြားသည်။

သံအမတ်ကြီး ခရီးစဉ်တွင် တရုတ်နိုင်ငံ နိုင်ငံတကာ စီးပွားရေးဌာန ညွှန်ကြားရေးမှူးချုပ် Mr. Lieu Zan က ကချင်ပြည်နယ် အစိုးရအဖွဲ့နှင့် ပြောကြားရာတွင် အချက်သုံးချက်ရှိပြီး (၁) ဆည်စီမံကိန်းကို ဖျက်ပစ်နိုင်ကြောင်း၊ ထိုသို့ ဖျက်သည့်အတွက် အမေရိကန်ဒေါ်လာ သန်း ၈၀၀ လျော်ကြေးပေးရမည် ဖြစ်ကြောင်း၊ (၂) ဆည်စီမံကိန်းပြန်စပြီး ဆည်ကို ပြီးစီးသည်အထိ ဆောင်ရွက်ခွင့်ပြုမည် ဆိုပါက စီမံကိန်းမှ အမေရိကန်ဒေါ်လာ သန်း ၅၀၀ နှစ်စဉ် အခွန်ငွေရမည် ဖြစ်ကြောင်း၊ (၃) အပေါ်က နှစ်ချက်ကို မရွေးချယ်ဘဲ၊ စီမံကိန်းကို မဖျက်သိမ်းဘဲ၊ ဆက်မလုပ်ဘဲ ဆည်စီမံကိန်းကို ရပ်ဆိုင်းသရွေ့ တရုတ်ကုမ္ပဏီများ တင်ရှိနေသည့် အလုံးအရင်း ချေးငွေများ၏အတိုး အမေရိကန်ဒေါ်လာ သန်း ၅၀ ကို တရုတ်ကုမ္ပဏီများကိုယ်စား မြန်မာနိုင်ငံက နှစ်စဉ်ပေးဆပ်ရန် နည်းလမ်းသုံးသွယ်ကို ချပြခဲ့ကြောင်း သတင်းမီဒီယာများက ယင်းခရီးစဉ်အပြီး ရေးသားဖော်ပြ ခဲ့ကြသည်။

မြစ်ဆုံစီမံကိန်းကြောင့် ပြောင်းရွှေ့ရမည့် ရွာပေါင်း ၄၇ ရွာ၊ အိမ်ထောင်စု ၁၉၀၄ စု၊ လူဦးရေ ၁၀၅၀၅ ဦးရှိပြီး လက်ရှိတွင် မြစ်ဆုံ (မလိဇွပ်)၊ တန်ဖဲ၊ ရွေပါး၊ ကဒန်ပါ၊ ဒွန်ဘန်၊ လဖျဲ့ စသည့်ကျေးရွာများမှာ အောင်မြင်သာ ကျေးရွာနှင့် မလိယန်ကျေးရွာသို့ ရွှေ့ပြောင်းနေကြောင်း၊ အောင်မြင်သာ ကျေးရွာတွင် အိမ်ထောင်စု ၃၁၇ စု၊ လူဦးရေ ၂၀၇၅  ဦး၊ မလိယန်ကျေးရွာတွင် အိမ်ထောင်စု ၁၂၀  စု လူဦးရေ ၅၀၀ ကျော်ရှိပြီး အများစုမှာ ၀မ်းစာရှာဖွေရန် အခက်တွေ့လျက်ရှိသည်။

CPI ကုမ္ပဏီသည် ဧရာဝတီ မြစ်ဆုံမြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ် တည်ဆောက်ရန် မြစ်ဆုံ၊ ချီဖွေ၊ ၀ူဆောက်၊ ဖီဆော၊ ခေါင်လံဖူး၊ ယဲ့နန်၊ လာဆာတို့တွင် စီမံကိန်းခုနစ်ခုရှိပြီး စုစုပေါင်း စက်တပ်ဆင် အင်အားမှာ မဂ္ဂါဝပ် ၂၀၀၀၀ ခန့်ရှိပြီး တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုနှုန်း ဘီလျံ ၁၀၀ ယူနစ်ခန့် ရှိမည်ဟု ယင်းကုမ္ပဏီ၏ မှတ်တမ်းစာအုပ်တွင် ဖော်ပြထားသည်။

၂၀၁၀ ပြည့်နှစ် မေ ၂၈ ရက်တွင် နိုင်ငံတော်အစိုးရက မေခ-မလိခနှင့် ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းများ အကောင်အထည်ဖော်ခြင်း၊ မောင်းနှင်ဓာတ်အား ထုတ်လုပ်ခြင်း၊ ပြန်လည်လွှဲပြောင်းခြင်းတို့ ဆောင်ရွက်ရန် ရင်းနှီးမြှုပ်နှံခွင့်လိုင်စင် ထုတ်ပေးခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မြစ်ဆုံဆည်ရေကာတာ စီမံကိန်းကို ၂၀၁၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် ရပ်ဆိုင်းလိုက်ကြောင်း ကြေညာခဲ့သည်မှာ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် ခုနစ်နှစ် ပြည့်မည်ဖြစ်သည်။

ဧရာဝတီ မြစ်ဆုံမြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင် ၁၂ ဦးသည် မြစ်ကြီးနားမြို့သို့ ၂၀၁၆ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ရောက်ရှိပြီး ၁၆ ရက်တွင် မြစ်ဆုံဒေသနှင့် လုပ်ငန်းခွင်များသို့ ကွင်းဆင်းလေ့လာခဲ့သည်။ ခရီးစဉ်သည် လေးရက်ကြာမြင့်ပြီး စက်တင်ဘာ ၁၈ ရက် နံနက်တွင် မြစ်ကြီးနားမြို့ မြို့တော်ခန်းမတွင် လူထုနှင့် တွေ့ဆုံခဲ့ပြီး လူထုက ကန့်ကွက်ခဲ့ကြကြောင်း သိရသည်။


ထွန်းလင်းအောင်
Eleven Media Group

0 comments:

Post a Comment