Monday, June 25, 2018

မြို့တော် စည်ပင်သာယာရေးကော်မတီတွင် ဒုတိယမြို့တော်ဝန် ထပ်မံ ခန့်အပ်သွားရန် ရန်ကုန်မြို့တော် စည်ပင်သာယာဥပဒေကြမ်းတွင် ဖြည့်စွက်


ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတွင် ဒုတိယမြို့တော်ဝန် ထပ်မံ ခန့်အပ်သွားရန် ဇွန် ၂၅ ရက်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဌမပုံမှန်အစည်းအဝေး (ရက် ၅၀ မြောက်နေ့) တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေကြမ်းနှင့် စပ်လျဉ်းပြီး လွှတ်တော်အဆုံးအဖြတ် ရယူရာတွင် ဥပဒေကြမ်း၌ ထပ်မံဖြည့်စွက်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

“ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေကြမ်း အပိုဒ် (၂)၊ အပိုဒ် (၃) ရဲ့ အောက်မှာ ပြင်ဆင်ဖြည့်စွက်ချက် အဆိုကို တင်သွင်းမှာ ဖြစ်ပါတယ်။ ဒီအဆိုကို ပြည်သူ့ငွေစာရင်းကော်မတီ တစ်ခုထဲကို တင်သွင်းတာ မဟုတ်ဘဲ ဒီဟာကို အဆိုပြုခဲ့ကြတဲ့ ဘဏ္ဍာရေး၊ စီမံကိန်းနဲ့ စီးပွားရေးကော်မတီ၊ လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကတိက၀တ် အာမခံချက်များနှင့် လွှတ်တော် အခွင့်အရေးကော်မတီ၊ လူမှုရေးနှင့် စီမံခန့်ခွဲရေးကော်မတီ၊ တိုင်းရင်းသားလူမျိုးရေးရာ ကော်မတီတို့ရဲ့ ကိုယ်စား တင်ပြတာဖြစ်ပါတယ်။ ဒုတိယမြို့တော်ဝန် ခန့်ထားခြင်းက မြို့တော်ကို အထောက်အကူပြုစေရန် ရည်ရွယ်ပြီးတော့ မြို့တော်ဝန် တာဝန်မထမ်းဆောင်နိုင်တဲ့ အခါမှာဖြစ်စေ၊ မြို့တော်ဝန်က တာဝန်ပေးအပ်လိုတဲ့ အခါမှာဖြစ်စေ မြို့တော်ဝန်ကိုယ်စား ဆောင်ရွက်နိုင်ဖို့ ဖြစ်ပါတယ်” ဟု ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဋ္ဌ ပုဇွန်တောင်မြို့နယ် အမှတ် (၂) မဲဆန္ဒနယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင့်လွင်က စည်ပင်သာယာဥပဒေကြမ်းတွင် ဒုတိယမြို့တော်ဝန် ခန့်အပ်ရန် အဆိုတင်သွင်းရာ၌ ထည့်သွင်း ပြောကြားခဲ့သည်။

ထို့ပြင် ဒုတိယမြို့တော်ဝန်အား ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဖော်ပြထားခြင်း မရှိသည့်အတွက် ခန့်အပ်ဖို့ မသင့်ဘူးဟု ယူဆထားသည်များ ရှိနိုင်ကြောင်း၊ သို့သော် ဒုတိယမြို့တော်ဝန် ခွင့်မပြုကြောင်းလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဖော်ပြထားခြင်း မရှိကြောင်း၊ နေပြည်တော် စည်ပင်သာယာရေး ဥပဒေ အခန်း (၂)၊ ပုဒ်မ (၅) တွင် ကော်မတီ၏ ဒုတိယမြို့တော်ဝန် ဖြစ်သည်ဟု ဖော်ပြထားကြောင်း၊ မန္တလေးမြို့တော် စည်ပင်သာယာရေးဥပဒေ အခန်း (၃)၊ ပုဒ်မ (၇) တွင် ဒုတိယမြို့တော်ဝန်၊ ဒုတိယဥက္ကဋ္ဌဟု ပြဋ္ဌာန်းထားကြောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတွင်လည်း ဒုတိယမြို့တော်ဝန် ခန့်အပ်ခဲ့သည့် အစဉ်အလာရှိကြောင်း၊ ဒုတိယမြို့တော်ဝန်သည် ပြည်သူ့ဝန်ထမ်း ဖြစ်သည့်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးရန်ပုံငွေမှ အဆောင်အယောင်နှင့် ခံစားခွင့်များကို စီစဉ်ဆောင်ရွက်ပေးနိုင်မည် ဖြစ်ကြောင်း ဦးတင့်လွင်က ပြောကြားသည်။

ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဋ္ဌ ဦးတင့်လွင်၏ ဒုတိယမြို့တော်ဝန် ပြင်ဆင် ဖြည့်စွက်ချက်အဆိုနှင့် ပတ်သက်ပြီး ဥပဒေကြမ်း ကော်မတီ၏ သဘောထားမှတ်ချက်အား ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက တောင်းခံရာ အများဆန္ဒအရ ဒုတိယမြို့တော်ဝန် ရှိခြင်းကို ဥပဒေကြမ်းတွင် ထည့်သွင်းရန် သဘောတူကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် မြို့တော်ဝန် ဦးမောင်မောင်စိုး ၏ သဘောထားကို လွှတ်တော်ဥက္ကဋ္ဌက တောင်းခံရာ ဖြည့်စွက်ချက်အတိုင်း သဘောတူပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များကလည်း သဘောတူခဲ့သဖြင့် ပြည်သူ့ငွေစာရင်းကော်မတီ၏ အဆိုပြု တင်ပြချက် အတည်ဖြစ်ခဲ့သည်။

ယင်းအပြင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေကြမ်း အပိုဒ် (၅) အောက်တွင် ဒုတိယမြို့တော်ဝန်ကို လွှတ်တော်မှ သဘောတူခဲ့ပြီး ဖြစ်သဖြင့် တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ဥပဒေဖြင့် ကန့်သတ်ပြဋ္ဌာန်းပေးရန် လိုအပ်ကြောင်း ဒုတိယမြို့တော်ဝန်၏ လုပ်ပိုင်ခွင့်များနှင့် ပတ်သက်ပြီး ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက အဆိုတင်သွင်းခဲ့ပြီး ပြည်သူ့ငွေစာရင်းကော်မတီ၊ မြို့တော်ဝန်နှင့် လွှတ်တော် ကိုယ်စားလှယ်များက သဘောတူခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာဥပဒေတွင် ကော်မတီဝင် ၁၁ ဦး ထားရှိမှုအား ကော်မတီဝင် ခုနစ်ဦးထားရှိရန် ဒဂုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြင်ဆင်ချက်အဆို တင်ပြခဲ့ပြီး ဥပဒေကြမ်းကော်မတီ နှင့် မြို့တော်ဝန်က မူလအဆိုပြုချက်အတိုင်း ထားရှိရန် သဘောထားမှတ်ချက် ပေးခဲ့သဖြင့် မဲခွဲဆုံးဖြတ်ရာ ကော်မတီဝင် ၁၁ ဦးအတိုင်းသာ ထားရှိရန် ထောက်ခံမဲများသဖြင့် ပြင်ဆင်ချက်အဆိုကို ပယ်ချခဲ့သည်။

ပြည်သူမှ ရွေးချယ် တင်မြှောက်သည့် ကော်မတီဝင် ခြောက်ဦးအနက်မှ တစ်ဦးအား ဒုတိယမြို့တော်ဝန်အဖြစ် ကော်မတီဝင် ၁၁ ဦးမှ လျှို့ဝှက်ဆန္ဒမဲဖြင့် ရွေးချယ်ရမည် ဖြစ်ကြောင်း၊ ဒုတိယမြို့တော်ဝန်သည် ကော်မတီ၏ ဒုတိယဥက္ကဋ္ဌ ဖြစ်ကြောင်း သိရသည်။

ဆန်းထူးအောင်၊ ပြည့်ဖြိုးအောင်
Eleven Media Group

0 comments:

Post a Comment