Thursday, June 21, 2018

လက်ရှိအစိုးရအနေဖြင့် ဦးသိန်းစိန်အစိုးရကို မီအောင်လုပ်ဆောင်ရန်လိုဟု ဒေါက်တာအေးမောင်ပြော


လက်ရှိအစိုးရအနေဖြင့် ဦးသိန်းစိန်အစိုးရကို မီအောင်လုပ်ဆောင်ရန်လိုကြောင်း နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ နိုင်ငံတော်ပုန်ကန်မှုများအပါအ၀င် ပုဒ်မ ၃ခုနှင့် တရားစွဲဆိုခံထားရသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောကြားလိုက်သည်။

ဇွန်လ ၂၀ရက်က စစ်တွေအကျဉ်းထောင်တွင် ၁၄ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးစဉ် ဒေါက်တာအေးမောင်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ခင်ဗျားတို့ပြန်စဉ်းစားကြည့်။ ဦးသိန်းစိန် ဒီမိုကရေစီကို ပြောင်းလဲတဲ့ အစိုးရတစ်ရပ်ကို ဦးဆောင်တဲ့ ခေါင်းဆောင်တစ်ယောက်ပေမယ့် ဘယ်လောက်ထိ ပြုပြင်ပြောင်းလဲမှုကို လုပ်ခဲ့လဲ။ အဲဒီဟာလေးတွေကို မီအောင် လုပ်ဖို့ဟာသည် လက်ရှိအစိုးရမှာရှိတယ်” ဟု ၎င်းက ဆိုသည်။

ဒေါက်တာအေးမောင်နှင့်အတူ ရခိုင်လူငယ်စာရေးဆရာ ဝေဟင်အောင်တို့ကို  ဇန်နဝါရီလ ၁၅ ရက်နေ့က ရ သေ့တောင်မြို့နယ် မေယုရင်သွေး လူမှုကူညီရေးအသင်းမှ ဦးဆောင် ပြုလုပ်ခဲ့သည့် ၂၂၃ နှစ်မြောက် ရခိုင့် ဘုရင်အချုပ်အခြာအာဏာကျဆုံးခြင်း အောက်မေ့ဖွယ်အခမ်းအနား စာပေဟောပြောပွဲ အခမ်းအနားတွင် ဟော ပြောခဲ့သည့် ဟောပြောမှုတစ်ချို့ကြောင့် ယခုကဲ့သို့ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတို့နှစ်ဦးအား စွဲဆိုထားသည့်အမှု ၃ ခုအနက် နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) (ဂ)နှင့် မတရားအသင်း ဆက်သွယ်သည့် ပုဒ်မ ၁၇ (၁) အမူ ၂ ခုကို စစ်တွေမြို့နယ် တရားရုံးတွင် ရင်ဆိုင်နေရပြီး နိုင်ငံတော်ကိုပုန်ကန်မှု ပုဒ်မ ၁၂၂ ကို စစ်တွေခရိုင်တရားရုံးတွင် ရင်ဆိုင်နေရခြင်း ဖြစ်သည်။

နိုင်ငံသားများဖြစ်သော်လည်း မျှတစွာ မခံစားရသူများ အကျဉ်းထောင်ထဲတွင် များစွာရှိနေပြီး ၎င်းတို့ လွတ် မြောက်လာနိုင်ရန် ဒေါ်အောင်ဆန်းစုကြည်လက်ထက်တွင် လွတ်ငြိမ်းချမ်းသာခွင့်များများပေးရန် လိုအပ် ကြောင်း ဒေါက်တာအေးမောင်က တောင်းဆိုလိုက်သည်။ 

“ ကျွန်တော်ဟာ လွှတ်တော်အမတ်ဖြစ်တယ်။ လွှတ်တော်အမတ်တစ်ဦးကိုတောင် ဒီလိုမျိုး အမှုသုံးခု မစွဲဆိုရ ပါဘူးဆိုတဲ့ ပြဋ္ဌာန်းချက်ရှိပါလျက်နဲ့ စွဲပြီဆိုကတည်းဆိုက ကျေးလက်မှာရှိတဲ့ လူထုဘယ်လောက်ခံနေရမလဲ။ ဥပဒေရဲ့ ထီးအောက်မှာပေါ့ဗျာ။ နိုင်ငံသားအားလုံးဟာ တန်းတူခံစားခွင့်ရှိရမယ်”ဟု ၎င်းက ဆိုသည်။

လာမည့် ဇွန်လ ၂၇ ရက်နေ့တွင် (၁၅) ကြိမ်မြောက် စစ်ဆေးသွားမည်ဖြစ်ပြီး ၎င်းတို့ နှစ်ဦးအား  စစ်တွေခရိုင် တရားရုံးတစ်ခုတည်းတွင် ရုံးပေါင်းစစ်ဆေးသွားတော့မည် ဖြစ်ကြောင်းလည်း သိရသည်။

"ရုံးပေါင်းလိုက်တော့ မြန်သွားတာပေါ့ဗျာ။ ကျနော်တို့ကတော့ မြန်မြန်လေးစစ်စေချင်တယ်။ လူထုကလည်း မျှော်လင့်နေကြတယ်။ မြန်မြန်လေးစစ်တော့ မြန်မြန်လေး အဖြေရတာပေါ့ဗျာ" ဟု ဒေါက်တာအေးမောင်က သတင်းထောက်များအား ပြောသည်။

ယခုကဲ့သို့ ဖမ်းဆီးအရေးယူခြင်းမခံရမီ ဒေါက်တာအေးမောင်မှာ ရခိုင်အမျိုးသားပါတီ ANP ဥက္ကဋ္ဌ ရာထူးမှ မိမိသဘောဆန္ဒဖြင့် နှုတ်ထွက်စာတင်ထားသော်လည်း အဆိုပါဥက္ကဋ္ဌရာထူးအား ဆိုင်းငံ့ခြင်းခံထားရသူစ်ဦး ဖြစ် ပြီး ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် အမ်းမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နေရာကို ၀င်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရရှိထားသူတစ်ဦးလည်း ဖြစ်သည်။

နေချိုသွေး - စစ်တွေ(အကုန်သိသတင်းဌာန)

0 comments:

Post a Comment