Monday, June 25, 2018

ဆယ်တန်းအမှတ် ၄၃၀ နှင့်အထက် ရသူများကို ပညာသင်ဆုပေးမည်

ရန်ကုန်တက္ကသိုလ် တက်ရောက်ခွင့်ရရှိသူများအနက် သက်ဆိုင်ရာ အထူးပြုဘာသာရပ်အလိုက် တက္ကသိုလ်ဝင်စာမေးပွဲ ဂုဏ်ထူးမှတ်နှင့်အထက်ရရှိပြီး စုစုပေါင်းရမှတ် ၄၃၀ နှင့်အထက် ရရှိသူများကို ပညာသင်ဆုပေးမည်ဖြစ်ကြောင်း ယင်းတက္ကသိုလ်ထံမှ သိရသည်။
ပညာသင်ဆု (ဝိဇ္ဇာချွန်ဆုနှင့် သိပ္ပံချွန်ဆု) ရရှိသူများကို တက္ကသိုလ်တက်ရောက်နေစဉ် ကာလအတွင်း တစ်လလျှင် ကျပ်တစ်သိန်းနှုန်း ရန်ကုန်တက္ကသိုလ်က ပေးမည်ဖြစ်သည်။

ယင်းတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဖိုးကောင်းက “သူက စကောလားရှစ်ပေါ့။ တစ်လတစ်သိန်းပေးမှာ။ တက္ကသိုလ်ဝင်ခွင့်ရတဲ့သူတွေထဲက ရွေးချယ်ပေးမှာ။ ဝင်လာတဲ့ဦးရေပေါ် မူတည်ပြီး သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့သူ အားလုံးကိုပေးမှာပေါ့”ဟု ပြောကြားသည်။

ပညာသင်ဆုပေးမည့် ကျောင်းသားဦးရေကို သတ်မှတ်ထားခြင်းမရှိသေးဘဲ သတ်မှတ်ချက်နှင့် ကိုက်ညီသူအားလုံးကို ရွေးချယ်ပေးအပ်မည်ဖြစ်ကာ ယင်းအစီအစဉ်ကို တက္ကသိုလ်ဝင်ခွင့်ရရှိသူစာရင်း ကြေညာပြီးချိန်တွင် ရွေးချယ်မည်ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဖိုးကောင်းက ပြောကြားသည်။

ဝိဇ္ဇာဘာသာရပ်များဖြစ်သည့် မြန်မာစာ၊ အင်္ဂလိပ်စာ၊ ပထဝီဝင်၊ သမိုင်း၊ ဒဿနိကဗေဒ၊ စိတ်ပညာ၊ ဥပဒေပညာ၊ အရှေ့တိုင်းပညာ၊ နိုင်ငံတကာဆက်ဆံရေး၊ မနုဿဗေဒ၊ ရှေးဟောင်းသုတေသန၊ နိုင်ငံရေးသိပ္ပံ၊ စာကြည့်တိုက်နှင့် သုတပညာ၊ မြန်မာမှုပညာ၊ ပတ်ဝန်းကျင်ဆိုင်ရာ လေ့လာမှုဘာသာရပ်များတွင် ထူးချွန်သူများကို ဝိဇ္ဇာချွန်ဆု (ပညာသင်ဆု) ပေးမည်ဖြစ်သည်။

သိပ္ပံဘာသာရပ်များဖြစ်သည့် ဓာတုဗေဒ၊ ရူပဗေဒ၊ သင်္ချာ၊ သတ္တဗေဒ၊ ရုက္ခဗေဒ၊ ကုန်ထုတ်ဓာတုဗေဒ၊ ဘူမိဗေဒ၊ ကွန်ပျူတာသိပ္ပံ၊ ဇီဝဓာတုဗေဒ၊ အဏုဇီဝ ဗေဒဘာသာရပ်အထူးပြု သိပ္ပံချွန်ဆုပေးမည်ဖြစ်သည်။

ယခင်နှစ်က ဝိဇ္ဇာချွန်ဆုနှင့် သိပ္ပံချွန်ဆုများအတွက် တက္ကသိုလ်ဝင်စာမေးပွဲ ရမှတ်သတ်မှတ်ချက်ကို တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်တွင် ထည့်သွင်းဖော်ပြခဲ့သော်လည်း ယခုနှစ်တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်တွင်မူ ယင်းအစီအစဉ်ကို ထည့်သွင်းဖော်ပြထားခြင်းမရှိပေ။

အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်အောင်မင်းက “သူတို့ ၁၁ ကျောင်းက သီးခြားခေါ်လိုက်ပြီ။ သူတို့နဲ့ပတ်သက်ပြီး ဘာမှမပါတော့ဘူး။ သက်ဆိုင်ရာကျောင်းကပဲ ပေးမှာပေါ့။ ဒါကြောင့် ဒီဆုတွေကို လမ်းညွှန်ထဲမှာ ထည့်မထားတော့တာ”ဟု ဆိုသည်။

ရန်ကုန်တက္ကသိုလ်အနေနှင့် ယခုနှစ်တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်ပြီး လျှောက်ထားသူများအနက် အထူးပြုဘာသာရပ်အားလုံးအတွက် ကျောင်းသား၊ ကျောင်းသူ ၂၀၀၀ ကျော် လက်ခံမည်ဖြစ်ကြောင်း ယင်းတက္ကသိုလ်ထံမှသိရှိရသည်။

ရန်ကုန်တက္ကသိုလ်ဝင်ခွင့် လျှောက်ထားသူများအနေနှင့် ဇွန်လ ၁၅ ရက်မှ ဇူလိုင်လ ၁၅ ရက်ထိ လျှောက်လွှာများ ထုတ်ယူလျှောက်ထားနိုင်မည်ဖြစ်ကာ ကျောင်းသားတစ်ဦးလျှင် ဦးစားပေး အထူးပြုဘာသာရပ် ၃ ခုထိ လျှောက်ထားနိုင်မည်ဖြစ်သည်။ 

ပထမဦးစားပေး အထူးပြုဘာသာရပ်အတွက် လူတွေ့စစ်ဆေးမှုကို ဇူလိုင်လ ၂၃ ရက်၊ ဒုတိယဦးစားပေး အထူးပြုဘာသာရပ်အတွက် ဇူလိုင်လ ၂၅ ရက်နှင့် တတိယဦးစားပေး ဘာသာရပ်အတွက် ဇူလိုင်လ ၃၀ ရက်များတွင် လူတွေ့စစ်ဆေးမှုဖြေဆိုရမည်ဖြစ်သည်။ 

The Voice

0 comments:

Post a Comment