Thursday, June 28, 2018

ကချင်၊ ရှမ်း၊ ကရင်ပြည်နယ် သုံးခုမှ ဒုက္ခသည်စခန်းများ ပိတ်သင့်၊ မသင့် အစိုးရ စိစစ်မည်


ပြည်နယ်လေးခုရှိ IDP စခန်းများအနက် ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ်က ဖွင့်လှစ်ထားသည့်စခန်းများကို ပိတ်သိမ်းပြီး ကချင်၊ ရှမ်း၊ ကရင်ပြည်နယ် သုံးခုရှိ စခန်းများကို ပိတ်သိမ်းသင့်၊ မသင့် စိစစ်မည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။

ဇွန်လ ၂၆ ရက်က နေပြည်တော်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ မြန်မာနိုင်ငံဌာနေ ကိုယ်စားလှယ် Mr. Giuseppe de Vincentiis ဦးဆောင်သော UNOCHA နှင့် ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူးရုံးတို့မှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံစဉ် အထက်ပါအတိုင်း ဆွေးနွေးခဲ့သည်ဟု ဝန်ကြီးက ပြောကြားသည်။

“တချို့ပြည်နယ်မှာရှိတဲ့ စခန်းတွေထဲမှာ ထားသင့်တဲ့စခန်းထားမယ်။ တချို့ပြည်နယ်ဆို ငြိမ်းချမ်းရေး အခြေအနေကောင်းတယ်။ သူတို့အတွက် အသက်မွေးဝမ်းကျောင်း ဖောင်ဆောင်နိုင်မယ့်နေရာက စခန်းဆို ပိတ်မယ်။ ပိတ်မရသေးတဲ့ စခန်းတွေကို ဖွင့်ဖို့ဆွေးနွေးခဲ့တာ”ဟု ဝန်ကြီးက ဆိုသည်။

မြန်မာနိုင်ငံတွင် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် အကြောင်းအမျိုးမျိုးကြောင့် နေရပ်စွန့်ခွာသူများအတွက် ကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ထားရာ ပြည်နယ် ၄ ခုရှိ မြို့နယ် ၁၅ မြို့နယ်တွင် စုစုပေါင်းကယ်ဆယ်ရေးစခန်း ၁၄၀ ခုရှိနေပြီး နေရပ်စွန့်ခွာသူလူဦးရေ ၁၆၀,၀၀၀ ကျော်ရှိသည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ယင်းစခန်းများအနက် နှစ်ကာလကြာရှည်နေသော၊ စခန်းပိတ်သိမ်းရန် လိုအပ်သော စခန်းများကို ပိတ်သိမ်းရေး၊ လတ်တလောလုံခြုံရေးအရ ပိတ်ရန်မဖြစ်နိုင်သေးသော ကယ်ဆယ်ရေးစခန်းများကို ဆက်လက်ထားရှိရေးနှင့် စခန်းပိတ်သိမ်းပြီးပါက ပြန်လည်နေရာချထားရေးနှင့် ဖွံ့ဖြိုးရေးအစီအစဉ်များ ဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ဆွေးနွေးပွဲတွင် ဒုက္ခသည်များ ပြန်လည်နေရာချထားရေးတွင် သက်မွေးဝမ်းကျောင်းလုပ်ငန်းနှင့် ပညာရေး၊ ကျန်းမာရေး စသည့်အခြေခံဝန်ဆောင်မှုများ လက်လှမ်းမီရရှိစေရေး၊ လက်ရှိနိုင်ငံသား စိစစ်ရေးလုပ်ငန်းစဉ်သို့ ပါဝင်ဆောင်ရွက်မှု အခြေအနေများ၊ အိုးအိမ် ဆောက်လုပ်ပြီးစီးမှုနှင့် ဆက်လက်တည်ဆောက်ဆဲ အစီအစဉ်များတွင် ပြည်ထောင်စုဝန်ကြီးနှင့် လာရောက်တွေ့ဆုံသည့် အဖွဲ့အစည်းများက အကူအညီပေးမည်ဟု ဆွေးနွေးခဲ့ကြောင်း ဒေါက်တာဝင်းမြတ်အေးထံက သိရသည်။

The Voice

0 comments:

Post a Comment