Monday, June 25, 2018

မကွေးတိုင်းငဖဲမြို့နယ် မြစ်ဖျားကျေးရွာအုပ်စုရှိ ပန်းထိမ်းချောင်းကူးတံတား ရေနှင့်မျောပါပျက်စီးသွားသည့်အတွက် ကျောင်းသား၊ ကျောင်းသူများ ချောင်းကူးပြီး ကျောင်းတက်နေရ


မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ် မြစ်ဖျားကျေးရွာအုပ်စုရှိ ပန်းထိမ်းချောင်းကူးတံတား ရေနှင့်မျောပါပျက်စီးသွားသည့်အတွက် ကျောင်းသားကျောင်းသူများ ချောင်းကူးပြီး ကျောင်းတက်နေရကြောင်း၊ ချောင်းတစ်ဖက်နှင့်တစ်ဖက် သွားလာမှုခက်ခဲနေကြောင်း သိရသည်။

အဆိုပါ မြစ်ဖျားချောင်းတံတားမှာ အရှည် ပေ ၆၀၀ ခန့်ရှိပြီး သစ်သားတံတားအဖြစ် ကိုယ့်အားကိုယ်ကိုး လုပ်ဆောင်ခဲ့သော်လည်း မေ ၂၉ ရက်က ရေစီးနှင့်မျောပါ ပျက်စီးသွားခဲ့ခြင်းဖြစ်ကာ ထိုအခက်အခဲများ ဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း၊ ယာယီဝါးတံတားတစ်စင်း တည်ဆောက်ရန် ပြင်ဆင်နေကြောင်း၊ သို့သော်လည်း ယခုနှစ်တွင် ပေ ၈၀၀ အရှည်ခန့် တံတားအဖြစ်ပြုလုပ်မှသာ အဆင်ပြေနိုင်မည့် အလားအလာရှိကြောင်း သိရသည်။

ယင်းတံတားနှင့်ပတ်သက်ပြီး ကိုကျော်ကိုရှိန်က “လောလောဆယ်တော့ ကျောင်းသားတွေအနေနဲ့ ကျောင်းတက်တဲ့အခါမှာ ချောင်းကူးပြီး သွားနေကြရတာပေါ့။ မြစ်ဖျား ကျေးရွာအုပ်စုမှာ ကျေးရွာသုံးရွာရှိပါတယ်။ မြစ်ဖျား၊ အလယ်ရွာနဲ့ မကျည်းကုန်း စတဲ့ရွာတွေက ကျောင်းသားတွေဆိုရင် လေးတန်းအောင်တာနဲ့ ပဒါန်းကျောင်းတက်ဖို့ ကြိုးစားရပါတယ်။ ဆိုင်ကယ်တွေ ဘာတွေ ယူသွားလို့မရဘူး။ ပဒါန်းဘက်ကမ်းမှာ ထားခဲ့လိုက်တော့တယ်။ တခြားလူမှုရေး၊ ကျန်းမာရေးနဲ့ပတ်သက်ပြီး အဲဒီသုံးရွာက လူတွေ အနေနဲ့ မဖြစ်မနေ ဒီချောင်းကိုဖြတ်ကြရတယ်။ ပဒါန်းဘက်လူတွေက ဒီဘက်ကို မလာလည်း သိပ်အရေးမကြီးပေါ့။ ဒီဘက် ကကျတော့ မဖြစ်မနေ သွားနေကြရတယ်။ အခက်အခဲအများကြီး ဖြစ်သွားတယ်။ ဒါကြောင့် အမြန်ဆုံး တံတားတစ်ခု ထိုးပေးမယ်ဆိုရင်တော့ ပိုအဆင်ပြေသွားမယ်လို့ မြင်ပါတယ်” ဟု ပြောကြားသည်။

မြစ်ဖျားကျေးရွာအုပ်စုတွင် မြစ်ဖျား၊ အလယ်ရွာနဲ့ မကျည်းကုန်း စသည့်ရွာများရှိကြောင်း၊ ဆက်စပ်ရွာများအဖြစ် ညောင်ကိုင်း၊ လေသာကုန်းနှင့် ရှောက်တောင်ကျေးရွာများမှ ဒေသခံများအနေဖြင့် အဆိုပါ တံတားကိုအသုံးပြုပြီး ကျန်းမာရေး၊ လူမှုရေး နှင့် စီးပွားရေးကိစ္စများကို လုပ်ဆောင်ရကြောင်း သိရသည်။

ထို့ပြင် အဆိုပါတံတားဆောက်လုပ်ရန်အတွက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးမှ ဆက်သွယ်မေးမြန်းမှုများရှိပြီး တံတားအခြေအနေနှင့် ကုန်ကျမည့်ငွေ ပမာဏများကို သိရှိလိုသည်ဟု အကြောင်းကြားခဲ့ကြောင်း သိရသည်။

“တံတားမရှိတော့ ကုန်စည်စီးဆင်းမှုကလည်း ပျက်သွားတာပေါ့။ လှေနဲ့ဖြတ်ကူးမယ်ဆိုရင်လည်း ဒီဘက်မှာကျတော့ လှေတွေသိပ်ပြီးသုံးလေ့ မရှိဘူး။ အရင်တုန်းကတော့ မြို့နယ်အုပ်ချုပ်ရေးပိုင်းက စီစဉ်ပေးခဲ့တဲ့ အတွက်တော့ ကူးတို့လှေတွေနဲ့သွားခဲ့ကြတာ ရှိပါတယ်။ နောက်ပြီးလောလောဆယ်မှာ တော့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဒီတံတားနဲ့ပတ်သက်ပြီး ကုန်ကျမှုအနေအထားကို စုံစမ်းစစ်ဆေးမှုတွေလည်း ရှိတယ်။ လုပ်မယ်ဆိုရင်တော့ သုံးဘီးတွေသွားလို့ရတဲ့ သံကူကွန်ကရစ်လောက်ဆိုရင် ပိုကောင်းမယ်။  သိန်းထောင်ကျော် ကုန်မယ်ထင်တယ်။ ပေ ၈၀၀ လောက်အရှည်ကို ထိုးရမှာ။ အရင်တုန်းက စစ်တပ်ကဆောက်မယ်လို့ ပြောခဲ့ပေမယ့် နောက်ပိုင်းတော့ ဘတ်ဂျက်မကျတဲ့အတွက် အစီအစဉ်ပျက်သွားတယ်လို့လည်း သိရတယ်” ဟု ကိုကျော်ကိုရှိန်က ပြောကြားသည်။

“ငဖဲမြို့နယ် မြစ်ဖျားတံတားကို သံကူကွန်ကရစ်တံတားတည်ဆောက်နိုင်ဖို့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း တာဝန်ရှိသူတစ်ဦးက ဆက်သွယ်ကမ်းလှမ်းလာပါတယ်။ ကျွန်တော်တို့အခု တံတားတည်ဆောက်ဖို့ ကနဦး လိုအပ်တဲ့ တံတားကုန်ကျစရိတ်တွက်ချက်ဖို့ ငဖဲလူငယ်ကွန်ရက်က ဦးဆောင်နေတယ်။ နောက်ကော်မတီဖွဲ့မယ်။ အဆင်ပြေပါစေ ဆုတောင်းရမှာပဲ။ ချောင်းကူးတံတား ရေစီးနဲ့ မျောပါပျက်စီးသွားတော့ ကျွန်တော်တို့ မှာ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးကိစ္စတွေလည်း လုပ်ရတာ အဆင်မပြေဘူးပေါ့။ ကျောင်းတက်တဲ့ ကလေးတွေဆိုရင်လည်း ချောင်းကိုကူးပြီး သွားလာနေရတယ်။ အန္တရာယ်လည်း များပါတယ်။ အဲဒါကြောင့် ဒေသခံတွေစုပေါင်းပြီးတော့ လူတွေသွားလာလို့ ရအောင် ၀ါးတံတားလေးထိုးဖို့တော့ စီစဉ်နေတယ်။ ယာယီတံတားပေါ့။ မိုးတွင်းအတွက် ထိုးထားဖို့ပါ။ ကျွန်တော်တို့မှာလည်း ငွေကြေးပြည့်စုံသူတွေ မဟုတ်တော့ အခိုင်အမာ မဆောက်နိုင်ဘူးပေါ့။ တံတားတွေ ဆောက်လုပ်ရင်လည်း ရေနဲ့ပြန်ပါသွားမှာကို စိုးရိမ်ရတယ်။ အဲဒီချောင်းကို ဖြတ်ကူးပြီး နေ့စဉ်သွားလာနေရတဲ့ကျောင်းသား ၂၅ ဦး လောက်တော့ရှိတယ်” ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းအောင်က ပြောကြားသည်။

ယခင်က ပျဉ်နှင့်ဆောက်လုပ်ခဲ့သော တံတားမှာ ဌာနဆိုင်ရာများကလည်း ကူညီပံ့ပိုးခဲ့ကြောင်း၊ တချို့ကသစ်၊ တချို့ကငွေ ကြေး စသည်ဖြင့် ၀ိုင်းဝန်းကူညီခဲ့ကြောင်း ဒေသခံများက ဆိုသည်။

သန်းလှိုင်
Eleven Media Group

0 comments:

Post a Comment