Friday, June 22, 2018

မွန်ပြည်နယ်အတွင်း ဇွန် ၁၇ ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ရာမှ ကျပ်သိန်း ၆၄၀၀ ကျော် ဆုံးရှုံးခဲ့ဟု သိရ


ပြီးခဲ့သည့် ဇွန် ၁၇ ရက်က မွန်ပြည်နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ရာမှ ကျပ်သိန်း ၆၄၀၀ ကျော် ဆုံးရှုံးခဲ့ကြောင်း မွန်ပြည်နယ် အစိုးရဖွဲ့ရုံးထံမှ သိရသည်။

မော်လမြိုင်မြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် ငွေကျပ် ၁၆၇၉ ဒသမ ၃ သိန်းကျော် ထိခိုက် ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ ချောင်းဆုံမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် ငွေကျပ် ၁၈၇၂၀၀၀ တန်ဖိုးခန့် ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့ကြောင်း၊ ကျိုက်မရောမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် ငွေကျပ် ၆၃၄၄၀၀၀ တန်ဖိုးခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ မုဒုံမြို့နယ် အတွင်းတွင်လည်း မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် ငွေကျပ် ၈၅၅၀၀၀၀ တန်ဖိုးခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ သံဖြူဇရပ် မြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် သိုလှောင်ထားသော ဆားများနှင့် ကြက်စာများ၏ တန်ဖိုးများ အပါအ၀င် ငွေကျပ်သိန်း ၄၁၅၀ ဖိုးခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ ရေးမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် ငွေကျပ် ၂၉၀၀၀၀၀ ဖိုး ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် ပေါင်မြို့နယ်အတွင်းတွင်လည်း မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် ငွေကျပ်သိန်း ၃၈၅ ကျော်ဖိုး ပျက်စီးဆုံးရှုံးခဲ့ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးထံမှ သိရသည်။

“ပျက်စီးဆုံးရှုံးမှုအနေနဲ့ကတော့ မွန်ပြည်နယ်တစ်ခုလုံးက ကျပ်သိန်းပေါင်း ၆၄၁၁ ကျော်လောက် ခန့်မှန်းပါတယ်။ ပျက်စီးဆုံးရှုံးမှုတွေမှာ နေအိမ်တွေပြိုကျတာတို့၊ ခြံစည်းရိုးအုတ်တံတိုင်းတွေ ပြိုလဲတာအများဆုံး ဖြစ်ပါတယ်” ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောကြားသည်။

“ဇွန် ၁၇ ရက်က မော်လမြိုင်မြို့ အပါအ၀င် မွန်ပြည်နယ်အတွင်းက မြို့နယ်ပေါင်း ခုနစ်မြို့နယ်မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒီခုနစ်မြို့နယ်ထဲမှာ မော်လမြိုင်မြို့နယ်နဲ့ ရေးမြို့နယ်ကတော့ ဆိုးဆိုးရွားရွား ဖြစ်ခဲ့ပါတယ်။ ရေကြီးရေလျှံမှု ဖြစ်ဖြစ်ချင်းမှာပဲ မြို့နယ်ခုနစ်မြို့နယ်စလုံးမှာ ကယ်ဆယ်ရေးစခန်း ၄၃ ခုကို ဇွန် ၁၇ ရက်မှာပဲ ဖွင့်လှစ်ပေးခဲ့ပါတယ်။ နောက်ပြီး ရေဘေးသင့်ပြည်သူတွေကိုလည်း အစားအသောက်တွေ၊ ရေသန့်တွေ၊ အ၀တ်အစားတွေကို အချိန်နှင့်တစ်ပြေးညီ ရရှိစေဖို့အတွက် အစိုးရအဖွဲ့အနေနဲ့ ဆောင်ရွက်ပေးခဲ့ပါတယ်။ ဇွန် ၁၈ ရက်မှာတော့ ရေပြန်ကျသွားတယ်။ အဲ့ဒီအတွက် ကယ်ဆယ်ရေးစခန်း ၁၃ ခုကို ပြန်လည်ရုတ်သိမ်းခဲ့ပါတယ်။ ဒါပေမဲ့ မော်လမြိုင်မြို့နဲ့ ရေးမြို့တွေမှာတော့ ရေက နှစ်ပေကနေ လေးပေခန့်အထိ ကျန်နေသေးပါတယ်။ ဇွန် ၁၉ ရက်မှာတော့ မိုးရွာသွန်းခြင်းလည်း မရှိတဲ့အတွက်ကို ရေကလည်း အလုံးစုံ ပြန်ပြီးကျသွားတယ်။ အဲ့ဒီအတွက်ကြောင့် နောက်ထပ် ကယ်ဆယ်ရေးစခန်း ၂၉ ခုကို ထပ်မံရုပ်သိမ်းခဲ့ပါတယ်။ ရေဘေးသင့်ပြည်သူတွေလည်း ရေပြန်ကျသွားပြီဖြစ်တဲ့အတွက် မိမိတို့နေထိုင်ရာ နေအိမ်တွေကို ပြန်သွားကြပြီ ဖြစ်ပါတယ်။ ဇွန်၂၀ ရက်မှာတော့ ရေးမြို့မှာရှိတဲ့ အားကစားရုံမှာပဲ ကယ်ဆယ်ရေး စခန်းတစ်ခုသာ ကျန်ရှိပါတယ်။ လူဦးရေကတော့ ၇၆ ယောက်ပါ။ သူတို့ကလည်း သူတို့ရဲ့နေအိမ်တွေကို ပြန်သွားဖို့ ပြင်ဆင်နေကြပြီလို့ ကြားသိရပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ဇွန် ၁၇ ရက် နံနက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မော်လမြိုင်မြို့အပါအ၀င် ပေါင်မြို့နှင့် မုတ္တမမြို့များရှိ ရပ်ကွက်၊ ကျေးရွာအချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခြင်း၊ မော်လမြိုင်မြို့ရှိ ဆံတော်ရှင်ကျိုက်သလ္လံစေတီတော်၏ အရှေ့ဘက်စောင်းတန်းအနီးနှင့် အနောက်ဘက်စောင်းတန်းအနီး မြေပြိုမှုများ ဖြစ်ပေါ်ခဲ့ခြင်း၊ သံဖြူဇရပ်မြို့နယ်အတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခြင်း၊ မော်လမြိုင်-ရေးကားလမ်းပေါ်ရှိ မုဒုံမြို့နယ် ရောင်ဒေါင်းကျေးရွာအနီးတွင် ကားလမ်းမပေါ် ရေကျော်နေသဖြင့် ကားလမ်းအားခေတ္တ ပိတ်ထားခဲ့ရခြင်း၊ ကျိုက်မရော-မုဒုံ ကားလမ်းပေါ်ရှိ ဘုရားနှစ်ဆူအနီး တံတားတစ်စင်းမှာ ရေတိုက်စားမှုကြောင့် ပြိုကျခြင်းနှင့် မွန်ပြည်နယ် ရေးမြို့နယ်အတွင်းတွင်လည်း မိုးသည်းထန်စွာရွာသွန်းမှုနှင့် တောင်ကျရေလိမ့်ဆင်းမှုများကြောင့် ရေကြီးရေလျှံမှုများဖြစ်ကာ လူထောင်နှင့်ချီ၍ ရေဘေးသင့်ခဲ့ရသည်။

ဘိုဘိုမြင့်
Eleven Media Group

0 comments:

Post a Comment