Thursday, June 28, 2018

ဗင်နီဇွဲလားတွင် ဆေးဝါးပြတ်လပ်နေ၍ အာဂျင်တီးနား ဆေးဘက်အဖွဲ့ ကုသပေးနေ


ဗင်နီဇွဲလားနိုင်ငံမှာ ဆေးဝါးပြတ်လပ်နေလို့ အိမ်နီးချင်း အာဂျင်တီးနားနိုင်ငံထဲက ဆေးဘက်အဖွဲ့ ဦးထုပ်ဖြူအုပ်စုက ဆေးကုသရေးစခန်းကို နယ်စပ်မှာ ဖွင့်လှစ်ကုသပေးနေပါတယ်။

ကိုလံဘီယာနဲ့ ဗင်နီဇွဲလား နိုင်ငံတကာ နယ်စပ်နားက ကိုလံဘီယာဘက်ခြမ်း ကူကူတာမြို့မှာ အာဂျင်တီးနား ဆရာဝန်တွေပါတဲ့ ဦးထုပ်ဖြူအဖွဲ့က ဆေးဘက်စခန်းကို လာဖွင့် ကုသပေးနေတာပါ။

ဗင်နီဇွဲလားနိုင်ငံအတွင်း ဆေးဝါးပြတ်လပ်နေလို့ နိုင်ငံသားတွေက နယ်စပ်ကိုလာပြီး အကူအညီ ရယူနေတာ တွေ့ရပါတယ်။

နိုင်ငံရေး အကျပ်အတည်းနဲ့ စီးပွားရေး ပြိုလဲလုနီး အခြေအနေတွေကြောင့် ဗင်နီဇွဲလား နိုင်ငံအတွင်း အခြေခံလိုအပ်ချက်တွေ ပြတ်လပ်နေတာပါ။

ဦးထုပ်ဖြူအဖွဲ့ကတော့ တရက်ကို ဗင်နီဇွဲလားလူနာ အယောက် ၂၀၀ လောက်ကို ကုသပေးနိုင်ဖို့ မျှော်လင့်ထားပါတယ်။

ပြည်တွင်း ဆေးဘက် အကျပ်အတည်းအတွက် ဗင်နီဇွဲလားပြည်သူတွေက သမ္မတ နီကိုးလပ်စ် မာဒူရိုရဲ့ အစိုးရဟာ ထိရောက်အောင်မလုပ်ဘဲ အဂတိလိုက်စားနေတယ်လို့ ရှုမြင်ပြီး အပြစ်တင်နေပါတယ်။

မာဒူရိုကတော့ သူ့ကို ဝေဖန်သူတွေက အာဏာသိမ်းဖို့ ကြိုးစားနေတာလို့ ပြန်စွပ်စွဲ ပြောဆိုပါတယ်။

“ဗင်နီဇွဲလား ရွှေ့ပြောင်းနေထိုင်သူတွေကို ကူညီဖို့ ရည်မှန်းထားတယ်၊ ကူကူတာမြို့က ဆေးရုံနှစ်ခုမှာ ဗင်နီဇွဲလားနိုင်ငံသား အများကြီးကို လက်ခံ ကုသပေးနေတယ်၊ ဒီဆေးကုစခန်းကတော့ ဆေးရုံတွေမှာ ကြပ်ညပ်နေတော သက်သာအောင်နဲ့ ဗင်နီဇွဲလား ပြည်သူတွေအတွက် ဝန်ဆောင်မှု ပိုတိုးပေးဖို့ ကြိုးစားနေပါတယ်” လို့ ကိုလံဘီယာ နိုင်ငံခြားရေး ဝန်ကြီးဌာန ကျန်းမာရေးဝန်ဆောင်မှုဌာန အရာရှိ ဖာနန်ဒို ရီဗေရာက ပြောပါတယ်။

ရေနံရောင်းတဲ့ အိုပက်အဖွဲ့ဝင် နိုင်ငံအတွင်း ဒုက္ခရောက်နေတဲ့ နိုင်ငံသားတွေကို ကူညီဖို့ လူသားချင်းစာနာမှု အထောက်အပံ့ စင်္ကြန်ဖွင့်ပေးရေး ကိုလံဘီယာနဲ့ အာဂျင်တီးနား အစိုးရတွေက ဆော်သြနေပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှု အကျပ်အတည်း နက်ရှိုင်းနေပေမယ့် မာဒူရိုကတော့ စားနပ်ရိက္ခာနဲ့ ဆေးဝါးလှူဒါန်းမှုကို လက်ခံဖို့ ငြင်းဆန်ခဲ့ပါတယ်။

DVB

0 comments:

Post a Comment