Monday, June 25, 2018

ကျန်းမာရေးပိုမိုအားနည်းလာခြင်းကြောင့် ရခိုင်အရေးတွင် အနီးကပ်ကြပ်မတ်ဆောင်ရွက်ရန် တာဝန်ပေးအပ်ခံခဲ့ရသည့် ဒုတိယဗိုလ်ချုပ်ကြီး အား နှုတ်ထွက်ခွင့်ပြု


ကျန်းမာရေးပိုမိုအားနည်းလာခြင်းကြောင့် ရခိုင်အရေးတွင် အနီးကပ်ကြပ်မတ်ဆောင်ရွက်ရန် တာဝန်ပေးအပ်ခံခဲ့ရသည့် ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇော အား မိမိသဘောဆန္ဒအလျောက် နှုတ်ထွက်ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း ၂၀၁၇ခုနှစ်၊ သြဂုတ်လ ၂၅ ရက် ရခိုင်ပြည်နယ်အတွင်း ARSA ဘင်္ဂါလီအကြမ်းဖက်အုပ်စု၏ အကြမ်းဖက်မှု ဖြစ်စဉ်များအပေါ်ကွပ်ကဲကြပ်မတ်မှု အားနည်းခြင်းအတွက် တပ်မတော်ပိုင်းဆိုင်ရာ အရေးယူမှုထုတ်ပြန်ရာတွင် ထည့်သွင်းဖော်ပြခဲ့သည်။

အဆိုပါဖြစ်စဉ်များအတွင်း ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မှ စစ်ဆင်ရေးအထူး အဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇော၌လည်း အထက်ဌာနများ၏ မူဝါဒများကို အနီးကပ် ကြပ်မတ်ဆောင်ရွက်ရန် တာဝန်ပေးအပ်ထားမှုအပေါ် စီမံဆောင်ရွက်ရာ၌ လိုအပ်ချက်များရှိခဲ့ပြီး၊ အထိုက်အလျောက် တာဝန်ရှိသည့်အပြင် အရာရှိကြီး၏ ကျန်းမာရေးဆိုင်ရာချို့ယွင်းမှုကြောင့် မူလ ပေးအပ်ထားသည့် တာဝန်မှ အခြားတာဝန်တစ်ခုသို့ လွှဲပြောင်းထမ်းဆောင်စေခဲ့သော်လည်း အရာရှိကြီးအနေဖြင့် ကျန်းမာရေးပိုမိုအားနည်းလာခြင်းကြောင့် တာဝန်ထမ်းဆောင်မှုအပိုင်းတွင် အားနည်းချက်အချို့ကို ထပ်မံတွေ့ရှိရပြီး၊ မိမိသဘောဆန္ဒအလျောက် နှုတ်ထွက်ခွင့်တင်ပြလာသဖြင့် ၂၀၁၈ ခုနှစ်၊ မေလ ၂၂ ရက်နေ့တွင် တပ်မတော်မှ မိမိသဘောဆန္ဒအလျောက် နုတ်ထွက်ခွင့်ပြုခဲ့ပြီး ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထို့အတူ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်ခဲ့သော ကြည်း ၁၉၅၇၁ ဗိုလ်ချုပ်မောင်မောင်စိုး အား ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ဘင်္ဂါလီအကြမ်းဖက်သမားများက ကျီးကန်းပြင်ရှိ နယ်ခြားစောင့်ရဲကွပ်ကဲမှု အဖွဲ့ဌာနချုပ်နှင့် ရဲစခန်း ၃ ခုအား အကြမ်းဖက်တိုက်ခိုက်မှု၊ စစ်ကူဆောင်ရွက်ပေးသည့် တပ်မတော်စစ်ကြောင်းများအား ခြုံခိုတိုက်ခိုက်မှုနှင့် ရခိုင်တိုင်းရင်းသားများ နေထိုင်သည့် ကျေးရွာများ၊ ဘင်္ဂါလီကျေးရွာများအား မီးရှို့ဖျက်စီးမှု၊ လူသတ် /ဓားပြတိုက်မှုဖြစ်စဉ်များ ဖြစ်ပွားခဲ့မှုအပြင် ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ မှ စက်တင်ဘာလ ၅ ရက်အထိ နယ်ခြားစောင့်ရဲကင်းစခန်း ၃၀ ခု၊ တပ်မတော်တပ်ရင်းဌာနချုပ် ၁ ခု အပါအ၀င် ရခိုင်တိုင်းရင်းသားကျေးရွာများအား ARSA ဘင်္ဂါလီအကြမ်းဖက် လူအုပ်စုကြီးများကို ဦးဆောင်၍ တိုက်ခိုက်ခြင်းများ၊ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ရာတွင် အားနည်းချက်များအတွက် တာဝန်ရှိမှုတို့ ဖြင့် လိုအပ်သလို စိစစ်ဆောင်ရွက်နိုင်ရန် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်တွင် အရန်အင်အား စာရင်းတင်သွင်းခဲ့သည်။

အရန်စာရင်းတင်သွင်းသည့် ဗိုလ်ချုပ်မောင်မောင်စိုး၏ တိုင်းမှူးတာဝန်ထမ်းဆောင်စဉ် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်မှ အရန်စာရင်းတင်သွင်းသည့် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့ အထိ ကာလအတွင်း ဆောင်ရွက်ခဲ့မှုမှတ်တမ်းများအား စိစစ်ချက်အရ ရခိုင်ပြည်နယ် နယ်မြေတစ်ခုလုံး၏ စစ်ဆင်ရေး၊ နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးဆိုင်ရာ လုပ်ငန်းများ၊ အထက်ဌာနမှ ချပြသတင်းများအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု မှတ်တမ်းများအပါအ၀င် မူလ တိုင်းမှူးတစ်ဦး၏ တာဝန်ဝတ္တရားများ အပေါ် မူဝါဒနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုများတွင် သာမန်အချိန်အတွင်း ဆောင်ရွက်နိုင်မှုအားနည်းချက် မတွေ့ရှိရသော်လည်း ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့ ဖြစ်စဉ်နှင့် ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်မှ စက်တင်ဘာလ ၅ ရက်အထိ ဖြစ်စဉ်များအတွင်း ဘင်္ဂါလီအကြမ်းဖက်သမား အများစုနှင့် ARSA ဘင်္ဂါလီအကြမ်းဖက်သမားများ အပါအဝင် ဘင်္ဂါလီ အကြမ်းဖက် လူအုပ်စုကြီးများက ရခိုင်ပြည်နယ်အတွင်းရှိ ရခိုင်တိုင်းရင်းသားများနှင့် ပတ်သက်၍ လည်းကောင်း၊ စစ်ဆင်ရေးနှင့် နယ်မြေစိုးမိုးရေး တာဝန်ထမ်းဆောင်နေသော တပ်မတော်သား၊ မိသားစုဝင်များနှင့် ပတ်သက်၍လည်းကောင်း၊ နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး တာဝန် ထမ်းဆောင်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အပါအဝင် အစိုးရဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပတ်သက်၍လည်းကောင်း၊ အင်အားသုံး၍ ဥပဒေမဲ့လုပ်ရပ်များ ပြုလုပ်နေမှုအပေါ် သတင်းလက်ဦးမှု ရယူ၍ လိုအပ်သလို စီမံဆောင်ရွက်နိုင်မှုအားနည်းခြင်း၊ ချပြသတင်းအပေါ် လက်အောက်ခံ တပ်၊ ရဲ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များဖြင့် နယ်မြေရှင်းလင်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုအားနည်းခြင်း၊ လက်တွေ့အကြမ်းဖက်ဖြစ်စဉ်များ ဖြစ်ပွားရာတွင် နယ်မြေအတွင်းရှိ တပ်၊ ရဲများအား လိုအပ်သလို အချိန်မီအကူအညီရရှိရေး၊ လုံခြုံရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှုများ စီမံနိုင်ခဲ့သော်လည်း ကြိုတင်စီမံရန် အားနည်းခြင်း စသည့်အရေးပေါ်အချိန် တာဝန်ထမ်းဆောင်မှု၌ တာဝန်ရှိကြောင်း စိစစ် တွေ့ရှိရသဖြင့် အရန်အင်အားစာရင်း တင်သွင်းထားသည့် ကြည်း ၁၉၅၇၁ ဗိုလ်ချုပ် မောင်မောင်စိုးအား ၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၅ ရက် တွင် တပ်မတော်မှ နုတ်ပယ်လိုက်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

၂၀၁၈ ခုနှစ်၊ မတ်လ ၆ ရက်နေ့ တွင် ရခိုင်အရေးကိစ္စနှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ်လုံခြုံရေးနှင့်ပတ်သက်၍ အဓိကတာဝန်ယူလုပ်ကိုင် ဆောင်ရွက်ရသည့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးအားလည်း ဖြစ်ပွားခဲ့သည့် အခြေနေများနှင့် ပတ်သက်၍ ၎င်း၏ လုပ်ဆောင်ချက်များတွင် အားနည်းချက်များရှိနေသဖြင့် ဆက်လက်တာဝန်ထမ်းဆောင်ခွင့် ကို ရပ်နားခဲ့ကြောင်း ဖော်ပြခဲ့ပြီးဖြစ်သည်။

The Ladies News

0 comments:

Post a Comment