Monday, June 25, 2018

ပြည်​တက္ကသိုလ်​​တွင် ကျောင်းသားသမဂ္ဂ ရွေး​ကောက်​ပွဲ ပထမဆုံးအကြိမ် ကျင်းပ


ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ပြည်တက္ကသိုလ်တွင် ကျောင်းသား၊ ကျောင်းသူများ ကိုယ်တိုင် မဲပေးရွေးချယ်ရသည့် ကျောင်းသားသမဂ္ဂ ရွေးကောက်ပွဲကို ပထမဆုံးအကြိမ်​အဖြစ်​ ဇွန်လ ၂၅ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း ပြည်​တက္ကသိုလ်​​ ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ​ဟောင်း ကိုမြတ်​မင်းထက်​က ​ပြောကြားသည်​။
ပြည်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး အပါအဝင် နေရာငါးနေရာအတွက် ကျောင်းသား၊ ကျောင်းသူကိုယ်စားလှယ် ၁၀ ဦးက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အဆိုပါ နေရာများအတွက်​ ဘာသာရပ်ဆိုင်ရာ ကျောင်းသား၊ ကျောင်းသူများက မဲပေးရွေးချယ်ခဲ့ခြင်းဖြစ်သည်​။

“ပြည်တက္ကသိုလ်မှာ ရှိတဲ့ကျောင်းသား၊ ကျောင်းသူတွေကို အစစ်အမှန် ကိုယ်စားပြုတယ်။ ကျောင်းသား၊ ကျောင်းသူတွေက မဲပေးရွေးချယ်ရမယ်။ ရွေးချယ်တဲ့ ရွေးကောက်ပွဲကလည်း ဒီမိုကရေစီနည်းကျ ပွင့်လင်းမြင်သာမှု ရှိရမယ်ဆိုတဲ့ ရည်​ရွယ်​ချက်​နဲ့လုပ်​တာပါ”ဟု ​ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌဟောင်းလည်းဖြစ် ယ​ခုရွေး​ကောက်​ပွဲတွင်​ မဲရုံမှူးအဖြစ်​​ဆောင်ရွက်​​နေသူ ကိုမြတ်​မင်းထက်​က​ ပြောဆိုသည်​။

ယခင်​ရွေးကောက်ပွဲကို ဖန်တီးလုပ်​​ဆောင်​လို​သော်​လည်း ​ကျောင်းသားသမဂ္ဂများစဖွဲ့စဉ်​က ခေတ်ကာလ အခြေအနေအရ လုပ်ခွင့်မသာခဲ့​ရာ ယခုအခါရွေး​ကောက်ပွဲ လုပ်ခွင့်ရသည့်အတွက်​ လုပ်ဆောင်ခြင်းဖြစ်​​ကြောင်း၊ ဝန်ကြီးဌာနနှင့် ဆက်သွယ်ပြီး ကျောင်းအုပ်ချုပ်ရေးပိုင်းနှင့် စကားပြောဆိုသည့်အခါများတွင်​လည်း ရွေးကောက်ခံ ကိုယ်စားလှယ်များသည် ၎င်းတို့နောက်ကွယ်ရှိ ကျောင်းသားထု၏ မဲပေးမှုဖြင့် တက်ရောက်လာခြင်းဖြစ်သည့်အတွက် ဂုဏ်သိက္ခာပိုင်းအပြင် ၎င်းတို့သည်​ ကျောင်းသားထုကိုပါ ကိုယ်စားပြုသူများဖြစ်​ကြောင်း ၎င်းက ဆက်​​လက်ပြောကြားသည်​။

“ကျောင်းသားတွေရဲ့ လိုအပ်ချက်တွေကို သမဂ္ဂကတစ်ဆင့် ဦးဆောင်ပေးနိုင်မယ်လို့ ယုံကြည်တယ်။ အခုလို ​ရွေးကောက်ပွဲ လုပ်တာကလည်း အရင်ကဒီလို မျိုးမရှိဘူး။ သူတို့ဟာသူတို့ပဲ ရွေးလိုက်ကြတယ်။ တင်လိုက်တယ်ပေါ့။ အခုကျတော့ ကျောင်းတစ်ကျောင်းလုံးက သူတို့ကိုယ်တိုင် ရွေးချယ်တဲ့ သမဂ္ဂဆိုတာမျိုး ဖြစ်လာမယ်”ဟု မဲလာပေးသူ ဘူမိဗေဒ စတုတ္ထနှစ် ကျောင်းသား မောင်ရဲရင့်အောင်က ပြောဆိုသည်။

ပြည်​တက္ကသိုလ်​ရှိ ဘာသာရပ်ဆိုင်ရာဌာန ၁၄ ခုတွင် တက်ရောက်လျက်ရှိသော ကျောင်းသား၊ ကျောင်းသူများက ပြည်တက္ကသိုလ် အားကစားခန်းမအတွင်း ပြုလုပ်ထားသော မိမိတို့ဌာန အသီးသီးရှိ ခုံနံပါတ်အလိုက် မဲစာရင်းကို ဌာနများတွင် ကျောင်းသားကတ်ဖြင့် မဲပြားများရယူကာ လျှို့ဝှက် မဲပေးခန်း၊ ယင်းမှတစ်ဆင့် မဲပုံးများထံသို့ သွားရောက် မဲထည့်ရခြင်းဖြစ်သည်။

ယခုရွေးချယ် တင်မြှောက်ထားသူများ၏ သက်တမ်းမှာ တစ်နှစ်သာဖြစ်ပြီး နှစ်စဉ် ရွေးကောက်ပွဲများကျင်းပကာ အလုပ်အမှုဆောင် အဖွဲ့များကို ပြန်လည် ရွေးချယ်မည်ဖြစ်ကြောင်း ပြည်တက္ကသိုလ် ကျောင်းသားများသမဂ္ဂထံမှ သိရသည်။

The Voice

0 comments:

Post a Comment