Friday, June 22, 2018

ဇွန်လတတိယပတ်အတွင်း ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရန် ဝန်ကြီးဌာနသတိပေး


မိုးဆက်လက်ရွာနေပြီး မြစ်ရေမြင့်တက်လာနိုင်၍ ဇွန်လ တတိယပတ်အတွင်း ရေဘေး အန္တရာယ်ကြိုတင်ကာကွယ်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနက သတိပေးချက်ထုတ်ပြန် သည်။

ဇွန်လ ၂၀ မှ ၃၀ ရက်အတွင်း မြန်မာနိုင်ငံဒေသအနှံ့ မိုးဆက် လက်ရွာနိုင်ပြီး ဧရာဝတီနှင့် ချင်းတွင်းမြစ်ရေ မြင့်တက်လာနိုင် သည်ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတိပေး ထား၍ ဝန်ကြီးဌာနအနေဖြင့် ထပ်မံသတိပေးခြင်းဖြစ်ကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက် တာကိုကိုနိုင်က ပြောသည်။

ဇွန်လပထမပတ် ရေဘေး မတိုင်မီက ဒုတိယသမ္မတ ဦး ဟင်နရီဗန်ထီးယူဦးဆောင်သော အမျိုးသားသဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ယခုကဲ့သို့ တစ်ကြိမ်သတိပေးခဲ့ပြီး ယခုအ ခါ ဝန်ကြီးဌာနက သတိပေးခြင်း ဖြစ်သည်။

ဇွန်လ၏ လက်ကျန် ၁၀ ရက်အတွင်း ဧရာဝတီမြစ်ရေသည် မြစ်ကြီးနား၊ ဗန်းမော်၊ ရွှေကူ၊ ကသာနှင့် သပိတ်ကျင်းမြို့တွင် ၃ ပေမှ ၅ ပေခန့်နှင့် မန္တလေး၊ စစ်ကိုင်း၊ မြင်းမူ၊ ပခုက္ကူ၊ ညောင်ဦး၊ ချောက်၊ မင်းဘူး၊ မကွေး၊ အောင်လံ၊ ပြည်၊ ဆိပ်သာ၊ ဟင်္သာတနှင့် ဇလွန်မြို့တွင် ၁ ပေမှ ၃ ပေခန့်၊ ချင်းတွင်းမြစ်ရေသည် ခန္တီး၊ ဟုမ္မလင်းနှင့် ဖောင်းပြင်မြို့၌ ၄ ပေမှ ၆ ပေခန့် မြင့်တက်လာနိုင်ကြောင်း မိုးဇလက သတင်းထုတ်ပြန်ထားသည်။

မော်လိုက်၊ ကလေးဝ၊ မင်း ကင်း၊ ကနီနှင့် မုံရွာမြို့တွင် ချင်းတွင်းမြစ်ရေ ၂ ပေမှ ၃ ပေခန့် ကျဆင်းနိုင်ကြောင်း ထုတ်ပြန်သည်။

လူထုအနေဖြင့် မိုးလေဝသ သတင်းများနှင့် မြစ်ရေအခြေအ နေထုတ်ပြန်ချက်များကို စဉ်ဆက် မပြတ် သတိပြုရန်နှင့် မိသားစု များ အရေးပေါ်ပြောင်းရွှေ့နိုင်ရန် နေရာ၊ လမ်းကြောင်းများနှင့် မိ သားစုဆုံရပ်ကို ကြိုတင်သတ်မှတ် ထားရန်၊ ရေစိုပျက်စီးနိုင်သော ပစ္စည်းများကို ခြောက်သွေ့၍ မြင့်သော နေရာတွင် ထားရှိရန်၊ သောက်သုံးရေများ ကြိုတင်စု ဆောင်ထားရန်နှင့် အသက်ကယ် အင်္ကျီ၊ ဗောကွင်း၊ လေလုံပိတ် ရေပုံးအလွတ်၊ ငှက်ပျောတုံး၊ သစ် တုံး၊ ကားတာယာကျွတ် အစရှိ သည့် အသက်ကယ်ပစ္စည်းများ ကြိုတင်ပြင်ဆင်ထားရန်၊ ရေလွှမ်းမိုးပါက အန္တရယ်ဖြစ်နိုင်သော နေရာများကို မြင်သာသော အမှတ်အသားထားရှိရန်နှင့် တောင်ပေါ်ဒေသများ၊ ချောင်းဖျား၊ မြစ်ဖျားများတွင် မိုးကြီးပါက မြစ်ဝှမ်းတစ်လျှောက် လျှပ်တစ်ပြက်ရေကြီး ခြင်းများဖြစ်နိုင်၍ သတိပြုရန် ကြေညာထားသည်။

လျှပ်တစ်ပြက် ရေကြီးခြင်း သည် ရှောင်တိမ်းရန် အချိန်အလွန်နည်းပြီး ရေကြီးသောဒေသများ တွင် မြစ်၊ ချောင်းကမ်းပါးတိုက် စားပြီး ပြိုကျတတ်သောကြောင့် မြစ်၊ ချောင်းကမ်းပါးများအနီးသို့ မသွားရန်၊ ရေစိုနေသော လျှပ်စစ် ပစ္စည်းများ အသုံးမပြုရန်၊ အန္တ ရာယ်ရှိသည့် မြစ်ချောင်းများ အ နီး၊ တောင်ကျချောင်းများအနီး နှင့် မြေပြိုမှုများဖြစ်ပေါ်နိုင်သည့် နေရာများမှ ခေတ္တရှောင်ရှားနေ ထိုင်ရန်နှင့် မြွေနှင့်အဆိပ်ရှိသော သတ္တဝါများအန္တရာယ်ကို သတိ ပြုရန် တိုက်တွန်းထားသည်။

ပြည်သူများအနေဖြင့် ရေ ဘေးအန္တရာယ်ကြိုတင်ကာကွယ် ရေးနှိုးဆော်ချက်များ၊ အကြံပြု ချက်များအတိုင်း ကြိုတင်ပြင်ဆင် ရန်၊ အရေးပေါ်အချိန်တွင် သက် ဆိုင်ရာတာဝန်ရှိသူများ၏စီစဉ် ဆောင်ရွက်မှုများအတိုင်း လိုက်နာဆောင်ရွက်ရန်နှင့် လိုအပ်ချက်များရှိပါက Hotline ဖုန်း ၀၆၇- ၃၄၀၄၆၆၆ နှင့် ၀၆၇ - ၃၄၀၄၇၇၇ သို့ ဆက်သွယ်ရန် အသိပေးထားသည်။

ဇွန်လ ၁၀ မှ ၁၇ ရက်အတွင်း ရေဘေးကြောင့် လူ ၁၈ ဦး သေဆုံးပြီး လေးသောင်းကျော် ဘေးလွတ်ရာသို့ အရေးပေါ်ပြောင်းရွှေ့ခဲ့ရ သည်။

7Day

0 comments:

Post a Comment