Sunday, June 24, 2018

ထုံးကျောက်လိုဏ်ဂူအတွင်း ပျောက်ဆုံးနေသည့် ထိုင်းဘောလုံးသမား ၁၂ ဦးကို ရှာဖွေနေ


ထိုင်းနိုင်ငံမြောက်ပိုင်းက ထုံးကျောက်လိုဏ်ဂူတဂူထဲမှာ ပိတ်မိပျောက်ဆုံးနေတဲ့ ဘောလုံးသမား ၁၁ ဦးနဲ့ နည်းပြဖြစ်သူတို့ကို ကယ်ဆယ်ရေးအဖွဲ့တွေက ရှာဖွေနေကြပါတယ်။

အဲဒီ ထုံးကျောက်လိုဏ်ဂူဟာ နိုင်ငံမြောက်ပိုင်း၊ မယ်ဆိုင်ခရိုင်၊ သလွန်ခွန်နမ် နန်းနွန် အမျိုးသားဥယျာဉ်ထဲမှာ တည်ရှိပြီး ဂူအတွင်းက ကျောက်စက်ပန်းဆွဲ၊ ကျောက်စက်မိုးမျှော်တွေကြောင့် ကမ္ဘာလှည့်ခရီးသွားတွေကြားမှာ ထင်ရှားပါတယ်။

မယ်ဆိုင်-ချင်းရိုင် လမ်းမကြီးကနေ ၁ ကီလိုမီတာလောက်အကွာမှာ တည်ရှိတဲ့ အဲဒီဂူထဲကို ရောက်ဖို့အတွက် ဧည့်သည်တွေအနေနဲ့ ချောင်းစွယ်ကျဉ်းကျဉ်းလေးတခုကို ဖြတ်ပြီး ဝင်ရောက်ရတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ မြစ်ရေမြင့်တက်ချိန်မှာ ဂူထဲကို ဝင်ရောက်လည်ပတ်ခြင်းမပြုဖို့ ပိတ်ထားခဲ့တာပါ။

ဘောလုံးသမားတွေဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့က အဲဒီဂူထဲကို ဝင်ရောက်ခဲ့ကြတာဖြစ်ပြီး ဂူအဝင်ဝမှာတော့ မော်တော်ဆိုင်ကယ်တစီးနဲ့ စက်ဘီး ၁၁ စီးကို ကျောပိုးအိတ်တွေ၊ အားကစားအသုံးအဆောင် ပစ္စည်းတွေနဲ့အတူ သက်ဆိုင်ရာက တွေ့ရှိခဲ့ကြတာပါ။

ဒေသတွင်း ပွန်ဖာဘောလုံးအသင်းကို သက်ဆိုင်ရာက ဆက်သွယ်မေးမြန်းချိန်မှာတော့ ဘောလုံးသမား ၁၁ ဦးနဲ့ နည်းပြတွေဖြစ်တယ်လို့ အတည်ပြုပြောခဲ့ပြီး သူတို့ဟာ အပတ်စဉ် စနေနေ့တိုင်း လေ့ကျင့်ရေးဆင်းပြီး ကစားကြတာဖြစ်တယ်လို့ ဆိုပါတယ်။

မျက်မြင်သက်သေတွေရဲ့ ပြောကြားချက်အရတော့ သူတို့ဟာ အဲဒီနေ့က ဂူထဲကို ဝင်သွားခဲ့ကြတာကို တွေ့လိုက်ရတယ်လို့ ဆိုပါတယ်။

အမျိုးသားဥယျာဉ် တာဝန်ရှိသူတွေဟာ ဂူအတွင်းပိုင်း ၃ ကီလိုမီတာလောက်အထိ ဝင်ရောက်ပြီး ရှာဖွေခဲ့ကြပေမယ့် မတွေ့သေးဘူးလို့ ဘန်ကောက်ပို့စ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။

ဒါပေမယ့် ဘောလုံးသမားတွေဟာ ဂူအတွင်းမှာပဲ ရှိနေမယ်လို့ ယူဆနေကြပါတယ်။

မိုးသည်းသည်းထန်ထန် ရွာသွန်းခဲ့တဲ့အတွက် ဂူအတွင်းပိုင်းမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ခဲ့ပြီး ထွက်ပေါက်ပိတ်သွားခဲ့တာ ဖြစ်နိုင်တယ်လို့ ခန့်မှန်းနေကြပြီး လက်ရှိမှာတော့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

DVB

0 comments:

Post a Comment